9.16.2009

တစ်ချိန်တုန်းက ချောင်းသာ (၃)

ဒီလိုနဲ့  မီးပုံပွဲအတွက် ပြင်ဆင်ဖို့  ရွာထဲက ထမင်းဆိုင်ကပဲ လူတစ်ယောက် စီစဉ်ပေးတယ်၊ အလကားတော့ မဟုတ်ဘူး။ ပိုက်ဆံ နှစ်ရာပေးရတယ်။ တစ်ရာက မီးပုံဖိုးနဲ့  နောက်တစ်ရာက ငါးကင်ဖိုး၊ ငါးကိုလည်း သေချာလုပ်ပေးထားပြီး အဆင်သင့် ကင်ယုံပဲ။ ညနေမှောင်လည်းလာရော မီးပုံပွဲ လုပ်ပေးမယ့်လူ သူ့ ပစ္စည်းတွေနဲ့  အတူ ရောက်လာတော့တယ်။

ကျွန်တော်တို့ လည်း မီးပုံပွဲ လုပ်မယ့် နေရာပြပြီး တာနဲ့  မီးပုံပွဲနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ အကုန်နေရာချတော့တယ်။ ဘာတွေလည်းဆိုတော့ ဂစ်တာတို့  အဆောင်က ချပေးထားတဲ့ ကြိမ်ကုလားထိုင်တို့  နောက်တော့ ပုလင်းတွေလည်း ပါတာပေါ့ဗျာ။ တစ်ဘက်ခန်းက ဗကတို့  မိသားစုလည်း မနက်ပြန်မှာဆိုတော့ ညဦးပိုင်းထိ ကျွန်တော်တို့ နဲ့  အတူတူပေါ့၊ ညနက်လာတော့ သူတို့ လည်း မိသားစုလိုက် အခန်းပြန်သွားကြတယ်။

ကျွန်တော်တို့ လည်း သောက်လိုက်၊ ငါးကင်စားလိုက် ဂစ်တာတီးလိုက်နဲ့  တော်တော်ကို ညနက်လာတယ်။ ပျော်ဖို့ ကလည်း တော်တော်ကို ကောင်းတယ်။ စိတ်ထဲလည်း ဘာအနှောင်အဖွဲ့ မှ မရှိဘူးဆိုတော့ တော်တော်ကို မြူးနေကြတယ်။ တဖြည်းဖြည်းနဲ့  ည၁၂ နာရီကျော်လောက်လည်းရောက်ရော ကမ်းခြေမှာ ကျွန်တော်တို့  တစ်ဖွဲ့ ပဲ ကျန်တော့တယ်။ ဘယ်သူမှလည်း မအိပ်ချင်သေးဘူး။ သီချင်းတွေဆိုတာလည်း တစ်ချို့ သီချင်းဆို ၃ ခေါက် လေးခေါက် ထပ်ကုန်ပြီ။ မီးပုံက မီးတောက်လည်း တစ်ဖြည်းဖြည်း သေးလာတယ်။

ဒါကို တစ်ယောက်သော သူငယ်ချင်းက ဘာစိတ်ကူးပေါက်တယ်မသိဘူး ကျွန်တော်တို့ ထိုင်နေတဲ့ ကြိမ်ကုလားထိုင်တစ်လုံးကို မီးပုံထဲ ပစ်ထည့်လိုက်ရော။ နောက်မီးတောက်က တဖြည်းဖြည်းကြီးလာရော၊ ကြည့်ရတာ ပျော်ဖို့ ကောင်းလာရော။ အဲဒီမှာ နောက်တစ်ယောက်က နောက်ကုလားထိုင်တစ်လုံးကို မီးပုံထဲ ထည့်ဖို့  လုပ်ပါလေရော။ ကျွန်တော်တို့ လည်း အဲဒီ အချိန်ကျမှ သတိဝင်လာပြီး မနည်းတားယူရတယ်။ အားလုံးလည်း မူးနေကြတာကိုး။

နောက်တော့ အချိန်က တစ်ဖြည်းဖြည်း နှောင်းလာတော့ အိပ်ဖို့  အကုန်လုံးကို လိုက်ပြောရတော့တယ်၊ ဒီအချိန်မှာ ဘယ်သူမှ မအိပ်ချင်ကြဘဲနဲ့  မနက်ဖြန် ပြန်ကြရမယ်ဆိုတဲ့ အသိနဲ့  ဝမ်းနည်းသလို ဆွေးသလို ခံစားနေရတယ်။


နောက်တစ်နေ့  မနက်လည်းရောက်ရော ကျွန်တော်တို့ တွေ မနက်စာစား၊ ပြီးတော့ တစ်ဘက်ခန်းက မိသားစုကိုစောင့် ပြီးတာနဲ့  ကားနှစ်စီးဟာ ချောင်းသာကမ်းခြေကို နှုတ်ဆက်ပြီးတော့ ပုသိမ်မြို့ ကို ဦးတည်းလာပါတော့တယ်။ အဲဒီမိသားစုကို စောင့်ရတာလည်း ပုသိမ်ရောက်ရင် ကားဆီထည့်ဖို့ အတွက်ဖြစ်တယ်၊ ကျွန်တော်တို့ ကလည်း ပုသိမ်မြို့ ထဲမှာ ဘယ်မှာဆီဆိုင်ရှိလည်း သိမှမသိတာ။


ပုသိမ်မြို့ ထဲလည်းရောက်ရော ပုသိမ်ဈေးကြီးနားက လမ်းထဲမှာ ဆီဝယ်လို့ ရတယ်၊ ဒါပေမယ့် အဲဒါကိုခေါ်တာ ချက်ဆီလားမသိဘူး။ မမှတ်မိတော့ပါ။ ပြီးတော့ ဗိုလ်ကြီးတို့ မိသားစုကို နှုတ်ဆက် ကျွန်တော်တို့ လည်း ပုသိမ်မြို့ ထဲ သင်္ကြန်လည်းဦးမယ်ဆိုပြီး ထွက်လာခဲ့တယ်။ အဲဒီအချိန်တုန်းက ပုသိမ်သင်္ကြန် စည်တဲ့နေရာဆိုလို့  ကမ်းနားလမ်း တစ်လျှောက်ပဲရှိတာ ရန်ကုန်က အတိုင်း မဏ္ဍပ်တွေ ထိုးတာတယ်။ ဒါပေမယ့် မြစ်ကို ကျောခိုင်းထားပြီး မြစ်ဘက်တစ်ခြမ်းပဲ တောက်လျှောက် မဏ္ဍပ်ထိုးထားတယ်။


သူ့ ဒေသနဲ့ သူတော့ အတော့်ကို ပျော်စရာကောင်းပါတယ်၊ အဲဒီလမ်းတစ်လျှောက် ရေပက်ခံတဲ့ လူတွေက အုပ်စုလိုက် အုပ်စုလိုက် ကမ်းနားလမ်းတစ်လျှောက် လမ်းလျှောက်ကြတယ်။ မဏ္ဍပ်ပေါ်က ရေပိုက်တွေနဲ့  အောက်ကလူတွေကို ရေပက်ကြတယ်။ ကျွန်တော်တို့  ကားလည်း အဲဒီထဲလည်း ရောက်သွားရော တော်တော်နဲ့ ထွက်လို့ မရတော့ဘူး၊ ဘာဖြစ်လို့ လည်းဆိုတော့ မဏ္ဍပ်တစ်ခုကို ဝင်မိရင် တော်တော်နဲ့ ကားကို ပေးမထွက်တာ။ စိတ်ကြိုက်ကို ပက်တာ။ ရန်ကုန်က မဏ္ဍပ်တွေလို အတင်းမောင်းမထုတ်ဘူး ...း)


ကျွန်တော်တို့ လည်း မဏ္ဍပ်တစ်ခု နှစ်ခု ကျော်လာရော တစ်ဖြည်းဖြည်း လန့် လာတယ်။ လူတွေလည်း ကြွက်စုတ်လို ဖြစ်နေပြီ။ ဒီကြာထဲ ရေကလည်း မြစ်ရေတွေဆိုတော့ နဲနဲငန်တယ်။ ဘယ်လိုမှ ထွက်လို့ မရတော့ နောက်ဆုံးတော့ မထူးတော့ဘူးဆိုပြီး မဏ္ဍပ်တွေဆုံးတဲ့ထိ တဖြည်းဖြည်း လှိမ့်လာခဲ့ရတော့တယ်။ အဲဒီ ပုသိမ် သင်္ကြန်ရဲ့ အကျိုးဆက်က ကျွန်တော်တို့ ကားရဲ့ ဟွန်းက ပုသိမ်မြို့ ပြင်လည်းရောက်ရော အသံမထွက်တော့ဘူး။


ကျွန်တော်တို့ မှာပြင်ဖို့  အချိန်လည်း မရတော့ဘူး၊ ရန်ကုန်ကို ညနေ အမှီ ပြန်ရောက်မှ နောက်နေ့  သင်္ကြန်အတက်နေ့ ကို ရန်ကုန်မှာ ပျော်ရမှာ။ ဒါနဲ့ ပဲ အားလုံးတိုင်ပင်ပြီး ကားကျော်တက်ချင်ပြီဆို တစ်ယောက် တစ်လှည့် ဝီစီထွက်မှုတ်ပေးရတယ်။ ပုံစံကတော့ ရန်ကုန်က စပယ်ယာတွေ ပုံစံပေါ့။ အဲဒီပုံစံအတိုင်း ရန်ကုန်ရောက်တဲ့အထိ ပြန်လာခဲ့ရတယ်။ အပြန်လမ်းမှာ စိတ်ချမ်းသာစရာကတော့ ဘယ်ဇတ်ဆိပ်မှာမှ မစောင့်ရတာပါ။ ဘာဖြစ်လို့ လည်းဆိုတော့ ဘယ်သူမှ အဲဒီအချိန် မပြန်ကြလို့ ပဲ။


အဲလိုနဲ့ ပဲရန်ကုန်ပြန်ရောက်လာတယ်ဆိုပါစို့ ။ ချောင်းသာဇတ်လမ်းက ဒီလောက်ပါပဲ ဒါပေမယ့် နောက်ဆက်တွဲလေးကို အမှတ်တရ အနေနဲ့  တဆက်တည်း ပြောပြချင်ပါသေးတယ်။


ဒီလိုနဲ့  ရန်ကုန်ထဲ ရောက်တယ်ဆိုတာနဲ့  အားလုံးတိုင်ပင်ပြီး အိမ်မပြန်ကြဘူး။ တကယ်လို့  အိမ်ပြန်ရောက်ရင် နောက်နေ့  ပြန်ထွက်လို့  မရမှာရယ် အထူးသဖြင့် ကားပိုင်ရှင်သူငယ်ချင်းက ဘယ်လိုမှ ပြန်လို့ မရလို့ ။ သူ့ ကားနောက်ဖုံးဆိုရင် ဆေးတစက်မှ မရှိတော့ဘူး။ ဒါနဲ့ ပဲ တစ်ယောက်သော သူငယ်ချင်းအိမ်ကို တန်းမောင်းပြီး အဲဒီမှာ နားကြတယ်။ အဲဒီညမှာပဲ တစ်ယောက်က အကြံပြုတယ်။ မနက်ဖြန် လည်ဖို့ အတွက် အခုည အဲဒီ ပတ်ပလေကား အမိုး ဖြုတ်ဖို့ ပဲ။


ကျွန်တော် ပြောပြီးပါကောလား။ ကျွန်တော်တို့  သူငယ်ချင်းအုပ်စုဟာ တစ်ယောက် အဆိုပြုရင် ကျန်တဲ့လူက ထောက်ခံပြီးသားဆိုတာ။ ဒီလိုနဲ့ ပဲ တက်ညီလက်ညီ ညတွင်းချင်း ပတ်ပလေကာအမိုးကို ဖြုတ်လိုက်နိုင်ပါတယ်။ နောက်တစ်နေ့ ကြ သင်္ကြန်နောက်ဆုံးနေ့  ထုံးစံအတိုင်း ထူးမခြားနားစွာနဲ့ ပဲ သင်္ကြန်ကို နှုတ်ဆက်လိုက်ပါတယ်။


ထူးခြားတာကတော့ အတက်နေ့ ညဘက်ရောက်တော့ ပတ်ပလေကာ ကားအမိုးကို ဘယ်လိုမှ ပြန်မတပ်တက် တော့တာပဲ။ လူတွေလည်း အကြံအိုက်ကုန်ပြီ။ ကားပိုင်ရှင်သူငယ်ချင်းဆို မျက်နှာက ဇီးရွက်လောက်ပဲ ကျန်တော့တယ်။ နောက်ဆုံး အားလုံး သဘောတူညီချက်နဲ့  ကားဝပ်ရှော့ကို ပို့ လိုက်တော့တယ်။ အမိုးပြန်တပ်ဖို့ ရယ် နောက်ဖုံးကို ဆေးပြန်မှုတ်ဖို့ ရယ်။ အားလုံးမျှခံပေါ့။


အကျိုးအမြတ်ကတော့ ကားပိုင်ရှင်သူငယ်ချင်းလည်း ဝပ်ရှော့က ပြီးတော့မှ အိမ်ပေါ်ကို ပြန်တက်ရဲတော့တယ်။ ကျွန်တော်တို့ လည်း အိမ်တွေကနေ ပိုက်ဆံထပ်တောင်းရလို့  မိဘတွေရဲ့  ငြိုငြင်ခြင်းကို ခံလိုက်ရတယ်။ ဒါတွေဟာ ငယ်ဘဝ အမှတ်ရစရာလေးတွေပါပဲ။ အခုလိုအချိန်မှာ ဒီလို အပျော်မျိုးကို ငွေနဲ့ ဝယ်လို့ လည်း မရပါဘူး။ အားလုံးသော သူငယ်ချင်းတွေဟာလည်း တကွဲတပြားနဲ့  ဘယ်အချိန် ဘယ်လို ပြန်ဆုံကြမယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။


သူငယ်ချင်းများ အားလုံးဟာ ရည်မှန်းထားတဲ့  ပန်းတိုင်တွေစီသို့  ရွက်လွှင့်လျှက်ပေါ့..................။

9.10.2009

တစ်ချိန်တုန်းက ချောင်းသာ (၂)

ဒီလိုနဲ့ ပဲ ကျွန်တော်တို့ အဖွဲ့ ဟာ ဇတ်မမှီတော့တဲ့ အတွက် တော်တော်လေးကို စိတ်ညစ်သွားပါတယ်။ ဒါနဲ့  ညအိပ်ဖို့ အတွက် စီစဉ်ကြရတယ်။ ယောက်ျားလေးတွေပဲဆိုတော့ ဘာမှ ဂရုစိုက်စရာမလိုဘူး၊ ကားပေါ်မှာပဲ အိပ်ကြမယ်ပေါ့။

ဒီအချိန်မှာ ကျွန်တော်တို့ အုပ်စု ကံကောင်းချင်တော့ ဇာတ်ဆိပ်နားက ထမင်းဆိုင်တွေထဲ ဆိုင်တစ်ဆိုင်က အသက် ၃၀လောက် ရှိတဲ့လူတစ်ယောက် လာခေါ်ပါတယ်။ သူတို့ ဆိုင်မှာလာအိပ်ဖို့ နဲ့  အိပ်တဲ့အတွက် ပိုက်ဆံမယူဘူး ဆိုတဲ့အကြောင်း လာပြောပါတယ်။ ဒါနဲ့ ပဲ ဆိုင်ရှေ့ မှာ ကားထိုးပြီး ညနေစာကို အဲဒီဆိုင်မှာပဲ အားပေးလိုက်ကြတယ်။

ညရောက်တော့ ကျွန်တော်တို့ လည်း ချောင်းသာမှာ ကဲဖို့ ရည်ရွယ်ပြီးဝယ်လာတဲ့ ဂျော်နီဝါကားပုလင်းကို ဆိုင်မှာပဲ ဖွင့်လိုက်ကြတယ်။ ဆိုင်ရှင်အကိုကြီးကိုလည်း ဖိတ်ခေါ်လိုက်တယ်။ ချက်ချင်းပဲ အဲဒီအကိုကြီးနဲ့  ကျွန်တော်တို့ တွေ ညီအကိုလို ဖြစ်သွားကြတယ်။ (ဂျော်နီလမ်းလျှောက်ရဲ့ စွမ်းအားပေါ့) ပြီးတော့ သူ့ ဆိုင်မှာ ဒီညအဖို့  စိတ်ကြိုက်နေနိုင်ကြောင်း သဘောတွေ ကောင်းပြန်ရော။

ကျွန်တော်တို့ လည်း အဲဒီညကို အချိန်ကုန်မြန်အောင် အပျင်းပြေ ဖဲရိုက်ကြမယ်ဆိုပြီးတော့ အပျော်ကြေး ကစားကြတာပေါ့၊ ဆိုင်ရှင်ကလည်း ကစားခွင့်ပြုတယ် ဘာပြဿနာမှ မရှိဘူးတဲ့။ ဒါနဲ့ ကျွန်တော်တို့ ကစားနေတုန်း အဲဒီဒေသက လူတစ်ယောက်ကလည်း ဘေးမှာလာထိုင်ကြည့်နေတယ်။ နောက်သူက ကြာထိုးပါရစေဆိုပြီးပြောလာရော။

ကျွန်တော်တို့ ကလည်း သူ့ ကို မဆော့ဖို့ ပြောရတာပေါ့၊ အခုဟာ အချင်းချင်း အပျော်ကစားနေတာဖြစ်ကြောင်း နှင့် ကျွန်တော်တို့ ဟာဧည့်သည်တွေဖြစ်ကြောင်း ရှင်းပြရတယ်။ ဒါလည်း သူကလက်မခံပဲ ဆော့ဖို့ သာ တွင်တွင်ပြောနေတော့တယ်။ အဲဒီအချိန်မှာ ဆိုင်ရှင်ဟာ ဘာမပြော ညာမပြောနဲ့  အဒြီလူကို ပိတ်ထိုးတော့တာပဲ၊ နောက် ဆိုင်ထဲက ဓါးရှည်ကြီးထုတ်ပြီး လိုက်တော့တာ ပြေးပါလေရော။ ကျွန်တော်တို့ မှာ သူကို လိုက်ဆွဲရတာနဲ့  အပျော်တွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တော့တာပဲ။ နောက်မှသိရတာ အဲဒီဆိုင်ရှင်က အဲဒီ ဇတ်ဆိပ်က မိုက်ကယ် ဆိုတာပါပဲ။

ကျွန်တော်တို့ လည်း ကြောက်ကြောက်နဲ့  အိပ်သွားကြပြီး နောက်တစ်နေ့  မနက်ရောက်တော့ အဲဒီမိုက်ကယ် ကောင်းမှုနဲ့ ကျွန်တော်တို့ ကားဟာ ပထမဦးဆုံး ဇတ်ပေါ်တက်ခွင့်ရပါတယ်။ နာရီဝက်လောက် ဇတ်နဲ့ ကူးပြီးတော့ ဟိုဘက်ကမ်းကို ရောက်ပါတော့တယ်။ ပြီးတာနဲ့  ကျွန်တော်တို့ ကားလေးဟာ ချောင်းသာကို ဦးတည်းပြီး မောင်းတော့တာပဲ။ အဲဒီလမ်းတစ်လျှောက်ကတော့ ရခိုင်ရိုးမကြောင့်လား ပင်လယ်နဲ့  နီးလို့ လား မသိဘူး စိမ်းစိမ်းစိုစိုနဲ့  သာသာယာယာ ရှိပါတယ်။

ကျွန်တော်တို့  ကားလေးဟာ ချောင်းသာနဲ့ နီးလာတာနဲ့ အမျှ ပင်လယ်ရဲ့ အငွေ့ အသက်တွေကို စတင်ရှူရှိုက်လာရပါတော့တယ်။ အဲဒီမှာ ကျွန်တော် ဘဝမှာ ပထမဦးဆုံး မြင်ဘူးပြီး အကြိုက်ဆုံး ရှူခင်းကတော့ ချောင်းသာနားနီးလာတော့ ဖြတ်ခဲ့ရတဲ့ တံတားတစ်စင်းပေါ်က ရှူခင်းပါပဲ။ တံတားရဲ့ နာမည်က ဥတို တံတားပါ။ လှတာကတော့ တော်တော်လှတာ၊ တံတားအောက်က ရေတွေက အပြာရောင် ရယ် ကမ်းစပ်က အပင်တွေက တစ်ဝက်လောက်က ရေထဲမှာ။ အဲဒါကို ခေါ်တာ ဒီရေတော ဆိုလားပဲ၊ ကျွန်တော်တော့ သေချာမသိပါ။ လူကို ဆွံ့ အသွားစေတဲ့ မြင်ကွင်းပါပဲ။

အဲဒီတုန်းက စစ်တပ်တစ်တပ်က တံတားလုံခြုံရေး ယူထားပြီး ကားရပ်ခွင့် မပေးပါဘူး။ ဒါနဲ့ ပဲ ဓါတ်ပုံ မရိုက်ခဲ့ ရပါဘူး။ ထမင်းစားချိန်လောက်ရောက်တော့ ချောင်းသာကို ရောက်ပါတော့တယ်။ အဲဒီ အချိန်တုန်းက ချောင်းသာမှာ ဟိုတယ်ခရီးကဖွင့်တဲ့ ချောင်းသာဟိုတယ် တစ်ခုပဲ ရှိပါသေးတယ်။ ကျန်တဲ့ ဟိုတယ်တွေက ဆောက်နေတုန်း တန်းလန်းပေါ့။ ဒါနဲ့ ပဲ ဟိုတယ်စုံစမ်းတော့ ဘွတ်ကင်တွေ ပြည့်နေပါတယ်။ ဒါနဲ့  ရွာထဲမှာ တည်းလို့ ရတယ်လို့  ပြောလာပါရော။ ဒါနဲ့  ရွာထဲကို သွားကြည့်တော့ အိမ်တွေက တည်းခိုခန်း လုပ်ထားတာ။

ကျွန်တော်တို့ လည်း စိတ်ပျက်ပြီး ထမင်းအရင်စားမယ်ဆိုပြီး ရွာထဲကဆိုင်မှာ ဗိုက်ဖြည့်ကြရော။ အစားအသောက်တွေကတော့ ဈေးတော်တော်ကြီးတာတွေ့ ရတယ်။ ပင်လယ်စာအစုံ ချက်ထားတာတော့ အတော် ကောင်းတယ်။ ဒါနဲ့ စားပြီးတော့ တည်းဖို့  စုံစမ်းရရော။ ရွာထဲလည်း မတည်းချင်ဘူး၊ ဘာဖြစ်လို့ လည်းဆိုတော့ ရွာနဲ့  ကမ်းခြေက တော်တော်ကို ဝေးတာ။ ထမင်းဆိုင်ရှင် ဆက်သွယ်ပေးမှုကြောင့် ချောင်းသာဟိုတယ်နဲ့  မလှမ်းမကမ်း အခု Golden Triangle ဟိုတယ် နေရာမှာ နှစ်ခန်းတွဲ အဆောင်တစ်ဆောင်ရရော။ Golden Triangle ဟိုတယ်က ဆိုင်းဘုတ် တပ်ထားပြီး မြေနေရာ ယူထားတာ၊ မဆောက်ရသေးဘူး။

အဆောင်ကို တော့ တစ်ခန်းဖွင့်ပေးတယ်၊ တစ်ခန်းက လူတွေက မနက်ဖြန်ရောက်မယ်ဆိုလို့  ပိတ်ထားတယ်။ ဒါနဲ့ ပဲ အထုပ်တွေ အဆောင်ထဲ ရွေ့  ပြီးတာနဲ့  အကုန်လုံး ရေထဲဆင်းပြီး သောင်းကျန်းကြပါလေရော။ အချိန်က နေ့ လည် နှစ်နာရီလောက် ကမ်းခြေမှာ ကျွန်တော်တို့  တစ်ဖွဲ့ ပဲ ရှိတယ်။ ချောင်းသာကမ်းခြေဟာ တော်တော်ကို လှတာ၊ အကျယ်ကြီးနဲ့  သဲတွေက အစ ဖြုဖွေးနေတာပဲ။ ကျွန်တော်တို့  အဆောင်နဲ့  မျက်စောင်းထိုးလောက်ကမ်းခြေမှာ စေတီတစ်ဆူရှိတယ်။ နာမည်တော့ မမှတ်မိတော့ပါ။

နေ့ လည်ကနေ ညနေ စောင်းထိ ကျွန်တော်တို့  တစ်အုပ်လုံး ကမ်းခြေမှာ သောင်းကျန်းနေကြတာ ဦးသြဘာကြီး ခေါ်မှပဲ ထမင်းစားဖို့  သတိရကြတယ်။ ဒါနဲ့ ပဲ ရွာထဲသွား မနက်ကစားခဲ့တဲ့ဆိုင်မှာပဲ ညနေစာ စားကြတယ်။ ပြီးတာနဲ့  ရွာထဲ လမ်းလျှောက် ဟိုသွားဒီသွား၊ နောက် တည်းတဲ့အဆောင်ကို ပြန်လာတော့တယ်။ ညရောက်တော့ ကမ်းစပ်သွား ဂစ်တာတီး သီချင်းဆိုနဲ့  တစ်ည ကုန်လွန်သွားခဲ့ပါတယ်။

နောက်နေ့ ကျတော့ မနက်စာစားပြီးတာနဲ့  ကမ်းစပ်းဆင်းပြီး အုပ်လိုက်အမျိုးမျိုးသောင်းကျန်းကြပါတယ်၊ သင်္ကြန်တွင်းလည်း သင်္ကြန်တွင်းကိုး။ နောက်တော့ ရွာထဲသွား ထမင်းစားကြပါတယ်။ မွန်းလွဲပိုင်းရောက်တော့ အဆောင်ပြန်နားကြတာပေါ့၊ အဲဒီမှာ တစ်ဖက်ခန်းက မိသားစုတစ်စု စူပါရှုဖ် ကားလေးဖြင့် ရောက်လာပါတော့တယ်။ လင်မယားနှစ်ယောက်ရယ် သူတို့ ကလေးနှစ်ယောက်ရယ်ပေါ့။ ကျွန်တော်တို့ လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် စပ်ဖြဲဖြဲနဲ့ ပေါ့။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ ထင်ထားတာ ရွယ်တူကောင်မလေးတွေ ပါမယ် ထင်တာ၊ အဲဒီကြရင် ဘယ်လို ကြောင်ကြမယ်ပေါ့ စိတ်ကူးနဲ့  အုပ်စုလိုက် တိုင်ပင်ထားကြတာ။

ဒီလိုနဲ့ ပဲ ညနေကြ ရေကူး ရွာထဲသွား ထမင်းစား၊ ညဘက် ဂစ်တာတီးနဲ့  နောက်တစ်ည ကုန်သွားပြန်ရော။ နောက်တစ်နေ့  မနက်ရောက်တော့ တစ်ဖက်ခန်းက ယောင်္ကျားဖြစ်သူ အကိုကြီးက လာမိတ်ဆက်ရော၊ သူက ပုသိမ်တပ်မှ ဗိုလ်ကြီးဖြစ်ကြောင်း အခု ခွင့်ခဏရ၍ မိသားစု လာလည်တာဖြစ်ကြောင်း၊ နေ့ လည်စာ စားပြီးရင် ဖိုးကုလားကျွန်းကို သွားမှာဖြစ်ကြောင်း လိုက်လိုက ကျွန်တော်တို့ အဖွဲ့ လိုက်ခဲ့စေချင်းကြောင်း ပြောပါတယ်။ တကယ်တမ်း သူတို့ မိသားစုကြီးပဲဆိုတော့ ပျင်းစရာ ကောင်းနေလို့  ခေါ်ခြင်းဖြစ်ပါတယ်။

ကျွန်တော်နှင့် နောက်တစ်ယောက်ကတော့ မလိုက်ပဲ ကျန်တဲ့ ငါးယောက်က လိုက်သွားပါတယ်။ ဘာကြောင့် မလိုက်လဲဆိုတော့ ကျွန်တော်က ရေမကူးတက်လို့း)။ (စက်လှေနဲ့ သွားရမှာကို) တကယ်တော့ ဖိုးကုလား ကျွန်းဆိုတာ ချောင်းသာကမ်းခြေကနေ စက်လှေစီးရင် ၄၅ မိနစ်လောက်စီးရတယ်၊ ပိုပြီးတော့ လှတယ်၊ ပင်လယ်ထဲ ပို ရောက်တယ်လို့  ပြန်လာတဲ့သူတွေ ပြောမှ သိရပါတယ်။

ပြောဖို့ မေ့နေတာ ကျွန်တော်တို့  အဆောင်ရှေ့ အပင်ခွကြားမှာ လင့်စင်ထိုးထားတယ်။ သိပ်တော့ မမြင့်ဘူး။ နေ့ခင်းဖက်ဆို လေတဖြူးဖြူးနဲ့  အိပ်လို့  တအားကောင်းတာ။ အဲဒီမှာနှပ်ချင်တာလည်းပါတယ်။ ညနေလည်းရောက်ရော ဖိုးကုလားကျွန်းသွားတဲ့ အုပ်စု ပြန်ရောက်လာကြတယ်။ နောက် ညကြရင် လုပ်မယ့် မီးပုံပွဲအတွက်လည်း စီစဉ်ရသေးတယ်။ ဘာဖြစ်လို့ လည်း ဆိုတော့ ရန်ကုန်သင်္ကြန်ကို လွမ်းပြီး အတက်နေ့ တစ်ရက်ကို ရန်ကုန်မှာ ကဲချင်လို့  အစီအစဉ်ပြောင်းလိုက်တာ။ ပြန်ရမယ်လည်းဆိုတော့ ချောင်းသာကမ်းခြေကို လွမ်းသလိုလို ဆွေးသလိုလို ဖြစ်နေပါရော။


(ဆက်ပါဦးမည်)

9.07.2009

တစ်ချိန်တုန်းက ချောင်းသာ

တစ်ခါတစ်ခါ ငယ်ငယ်က အကြောင်းတွေ ပြန်စဉ်းစားမိရင် အရမ်းကို နုပျိုလန်းဆန်းသွားစေတယ်၊ အထူးသဖြင့် ငယ်သူငယ်ချင်းတွေနဲ့  ပြန်ဆုံတဲ့ အခါမှာ ကိုယ့်ကိုယ်ကို ဆယ်ကျော်သက် ဘဝကို ပြန်ရောက်သွားသလိုပါပဲ။
မနေ့ က ရွာက သူငယ်ချင်းတစ်ယောက်နဲ့  ဖုန်းပြောဖြစ်တော့ သူငယ်ချင်းတော်တော်များများ ကလေးအဖေ ရာထူးတွေ ရကုန်ပြီဆိုတာ သိခဲ့ရတယ်။ ကိုယ့်မှာတော့ အခုထိ Lonely [ ကြုံတုန်း ကြော်ငြာဝင်တာပါ....း)]

ဒါနဲ့ ပဲ သူနဲ့  တော်တော်ကြာ ဖုန်းပြောလိုက်ပြီးတော့ ငယ်ငယ်က အကြောင်းတွေ ခေါင်းထဲ တန်းစီပြီး ဝင်လာရော၊ ဆယ်တန်းဖြေပြီးတော့ သူငယ်ချင်းတွေ အကုန် စုပြီး ချောင်းသာသွားတာကို ပြန်ပြီးသတိရမိတယ်။

၁၉၉၃ လောက်ကပေါ့ ဆယ်တန်းစာမေးပွဲကို ကျွန်တော်တို့  သူငယ်ချင်းတွေအားလုံး ဖြေပြီးတဲ့ အချိန်မှာ ကျွန်တော်တို့  အားလုံးဟာ လယ်ယာပြန်စား ရေး ဖြစ်ကုန်ရော၊ တက္ကသိုလ်တက်ဖို့ ဆိုတာ စောင့်ဦးဟဲ့ နှစ်နှစ်။ ဒါနဲ့ ဘဲ တစ်ယောက်သောသူက အကြံပြုလာတယ်၊ သင်္ကြန်ရောက်ရင် တစ်နေရာရာ ခရီးထွက်ဖို့  အကြောင်း အဆိုပြုလာတယ်။

ဒါနဲ့ ပဲ အားလုံးစုံညီ ဆုံးဖြတ်လိုက်တာ ချောင်းသာ ကမ်းခြေကိုရွေးလိုက်ကြတယ်။ သူငယ်ချင်းခုနှစ်ယောက်ကလည်း ညီသလားမမေးနဲ့ ၊ တစ်ယောက် အဆိုပြုရင် ကျန်ခြောက်ယောက် ထောက်ခံပြီးသား ကန့် ကွက်မဲမရှိ။ ချောင်းသာလို့  အဆိုပြုရတာလည်း ဒီကမ်းခြေကို ကျွန်တော်တို့ ဘဘကြီးတွေက စပြီး မြန်မာ့အသံမှာ ပြနေတာ တော်တော်ကို သာသာယာယာ ရှိနေလို့ လည်းပါတယ်။ (ဘတ် လမ်းခရီး အကြောင်းတော့ မပြပါ)

ဒါနဲ့ ပဲ အားလုံးစုပြီး တိုင်ပင်ကြတော့ သူငယ်ချင်းတစ်ယောက်က သူအိမ်ကနေ ပတ်ပလေကာတစ်စီးရယ်၊ ကားမောင်းဖို့  ဦးသြဘာဆိုတဲ့ လူပျိုကြီးတစ်ယောက်ထည့်ပေးလိုက်တယ်။ ဒါနဲ့ ပဲ သင်္ကြန်မကျခင် နှစ်ရက်အလို စထွက်ဖို့  စီစဉ်လိုက်တယ်။ ခရီးစဉ်အတွက် လိုအပ်တာတွေ စီစဉ်ပြီး ခရီးထွက်မယ့်နေ့ ကို စောင့်ရတာ စိတ်ကူးနဲ့ တင် တော်တော် ပျော်ဖို့  ကောင်းနေတယ်။

ဒီလိုနဲ့ သတ်မှတ်ထားတဲ့ နေ့ ရောက်ရော မနက်ကိုးနာရီ လောက်စုရပ်ကနေ စထွက်လာခဲ့တယ်။ ပထမဦးဆုံး လှိုင်သာယာဇတ်ဆိပ်ကို ၁၀နာရီလောက် ရောက်ရော၊ ကျွန်တော်တို့  ဘဝမှာ အုပ်ထိန်းသူမပါပဲ ရန်ကုန်ပြင်ပကို ခရီးထွက်တာ ဒါပထမဦးဆုံးအကြိမ်ပေါ့။ ဇတ်ဆိပ်ရောက်တော့ ထုံးစံအတိုင်း စောင့်ရရော၊ အဲဒီအချိန်က လှိုင်သာယာတံတားလည်း မထိုးရသေးဘူး။

၁၀နာရီခွဲလောက် အလှည့်ရောက်တော့ လှိုင်သာယာဘက်ကို ဇတ်နဲ့ ကူးပါတော့တယ်။ ကျွန်တော့်ရဲ့ ပထမဦးဆုံး ဇတ်စီးဖူးခြင်းပါ။ မိနစ်၂၀လောက်ကြာတော့ လှိုင်သာယာဘက်ခြမ်းကို ရောက်ရော ကျွန်တော်တို့ ကားလေးဟာ ရန်ကုန် ညောင်တုန်း လမ်းပေါ်ကနေ ညောင်တုန်း ဘက်ကို ဦးတည်ပြီး မောင်းတော့တာပါပဲ။

ဒီလိုနဲ့  မွန်းလွဲ ၁၂ နာရီခွဲ လောက် ညောင်တုန်း စကော့ဇတ်ဆိပ်ကို ရောက်တော့မှ ပေးကမ်းခြင်းသည် အောင်မြင်ရာ၏ ဆိုတဲ့ ဆောင်ပုဒ်မှန်ကန်ကြောင်းကို လက်တွေ့  သိခဲ့ရတယ်။ ဇတ်ကူးမယ့် ကားတွေ တန်းစီထားတာ မျက်စိတစ်ဆုံး ကိုယ်တွေကလည်း နိုင်ငံကြီးသားပီသစွာ ကျူတန်းကြီးထဲ ဝင်စီရော၊ တော်တော်နဲ့  မရွေ့ တစ်ခါတစ်ရံ ကိုယ်နောက်က ကားတွေက ဇတ်ပေါ်ရောက် ကိုယ်ကားက ဒီနေရာကဒီနေရာပဲ။ ကိုယ်တွေကလည်း ချာတိတ်တွေဆိုတော့ ဒါမျိုး နားမလည်၊ ညနေ ၃ နာရီလောက်ကျမှပဲ ကျွန်တော်တို့ အလှည့် ရောက်လာတယ်။

ဒါတောင်မှ ကျွန်တော်တို့  သွားပြီး ပူညံပူညံ လုပ်လွန်းလို့ နဲ့ တူတယ်၊ သူတို့ ကတော့ ထင်မှာပဲ ဒီချာတိတ်တွေ အရိပ်သုံးပါး နားမလည်ဘူးလို့ ...း) ။ မလုပ်လို့ လည်း မရဘူးလေ၊ ပုသိမ်ရောက်ရင် နောက်ဇတ်တစ်ခု ကူးဖို့  ကျန်သေးတယ်။ အဲဒီဇတ်က ညနေ ၆ နာရီဆို ပိတ်ပြီတဲ့။ ဒါနဲ့  ၃ နာရီ ၄၅ မိနစ်မှာ စကော့ ဘက်ခြမ်းရောက်တယ်။

ကျွန်တော်တို့  ကားလေးဟာ စကော့ ပုသိမ် လမ်းပေါ်မှာ ဟိုက်စပိနဲ့ ပုသိမ်ကို အမှီရောက်ဖို့  မောင်းရတော့တယ်။ အဲဒီလမ်းဟာ ကြာနီကန်ဆရာတော်ဘုရားဟောသလို ပြောရရင် ကျောက်ခဲ စားသွားရင် အစာကြေမယ့်လမ်း ခင်ဗျ။ လမ်းလို့ သာပြောတာ ကျောက်ခဲတွေပဲ ခင်းထားပြီး ကတ္တရာကို မရှိတယ့်လမ်း၊

ကျွန်တော်တို့ ကားဟာ ပတ်ပလေကာ ဖြစ်တာကြောင့် နောက်ခန်းကို ခဲစတွေ လာစင်တယ်၊ ဒါနဲ့  ရွှေဥာဏ်တော် စူးရှပြီး နောက်တံခါးကို လှန်ချထာလိုက်တော့ ခဲစင်နဲနဲ သက်သာသွာပါတော့တယ်၊ ဒါပေမယ့် ပုသိမ်ရောက်လို့ ပြန်ကြည့်လိုက်တယ့် အခါမှာတော့ ပတ်ပလေကာနောက်ဖုံးမှာ ဆေးရောင်လုံးဝ မရှိတော့ပါဘူး။ (ပြန်ရောက်တော့ ကားပိုင်ရှင် သူငယ်ချင်းလည်း အိမ်ကနေ ၃ရက်လောက် ဆင်းလိုက်ရတယ်)

ညနေ ၅ နာရီ ၄၅ လောက်မှာ ပုသိမ်မြို့ထဲကို ရောက်တော့တယ်၊ ဒါနဲ့ ပဲ တစ်ဘက်ကမ်း ကူးဖို့  ဇတ်ဆိပ် လိုက်ရှာကြတာ ပုသိမ်မြို့ ထဲမှာတင် လည်နေတော့တယ်။ ကျွန်တော်တို့ ရဲ့ လမ်းသူရဲဆန်တယ့် အပြုအမှုတွေ ကြောင့်လားမသိဘူး လမ်းညွှန်တဲ့ လူက ပို့ မယ့်ပို့  ကူတို့ ကို မပို့ ဘူး။ အဲဒီလိုနဲ့  ညနေ ၆နာရီ ၁၅ မိနစ်လောက်မှ ဇတ်ဆိပ်ကို ရောက်ပါတော့တယ်။ နောက်ကျ သွားပြီပေါ့။

ဇတ်ကိုတော့ ရေလည်မှာ မြင်သာမြင်နေရတယ်။ ကမ်းကနေ တရွေ့ ရွေ့ ခွါနေလျှက်ပေါ့......၊

(ဆက်ပါဦးမည်)

9.01.2009

ကျွန်တော်ရဲ့ နံရိုး

ကိုယ် ဒီကျွန်း ပိစိလေးပေါ်ရောက်နေတာ ဘာလိုလိုနဲ့  ဆယ်စုနှစ် တစ်ခုတောင် ပြည့်ခဲ့ပြီလေ......

ကိုယ်ဖြတ်သန်းခဲ့ရတဲ့ အတိတ်တွေ ကို ပြန်ကြည့်ရရင် အဆိုးအကောင်း၊ အချစ် အမုန်း၊ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း၊ အောင်မြင်ခြင်း ရှုံးနှိမ့်ခြင်း တို့ ဟာ ဒွန်တွဲနေကြတယ်။ ဒါတွေဟာ လောကဓံတွေလား......

ဒီခရီးရှည်ကြီးထဲမှာ ဖြတ်သန်းနေရင်းနဲ့  ကိုယ့်ရဲ့ နံရိုးတစ်ချောင်းကိုလည်း မျှော်လင်းစွာနဲ့ ပဲ ရှာဖွေမိပြန်တယ်။

ဒါပေမယ့် ကိုယ့်ရဲ့ နံရိုးမဟုတ်တဲ့အတွက် ခေတ္တခဏသာ ပိုင်ဆိုင်လိုက်ရပြီးတော့ နိဋ္ဌိတံ ခဲ့ရပေါ့......။

ဒီလိုနဲ့ ပဲ တစ်ရက်မှာတော့ သူငယ်ချင်းတစ်ယောက်နှင့် ပတ်သတ်ပြီးတော့ သူမကို သိကျွမ်းခဲ့ရတယ်။ သူမပုံစံကတော့ သာမာန်ထက် ပိုပြီး ဘာမှ ထူးခြားမှုမရှိဘူး။ သူလိုကိုယ်လိုပဲ။ ဒါပေမယ့် ရင်းနှီးမှုရဲ့ နောက်ပိုင်း သူမနဲ့  စကားပြောကြည့်တဲ့ အခါမှာတော့ ရှားရှားပါးပါး ကိုယ့်ရဲ့ နံရိုးပဲ ဆိုတာ သိလိုက်ရတယ်။

သူမရဲ့ ဘဝအပေါ်မှာထားတဲ့ ခံယူချက်နှင့် ကြိုးစားမှု၊ လူတွေရဲ့ အပေါ်မှာထားတဲ့ စိတ်နေစိတ်ထား စတဲ့ အရာအားလုံးဟာ ကိုယ့်ကို အံ့အားသင့်စေတယ်။ သူမဟာ ကိုယ့်ထက် သုံးနှစ်ငယ်ပေမယ့် ကိုယ်ဖြတ်သန်းခဲ့တဲ့ ဘဝထဲကနေ ကိုယ်သတိမထားခဲ့မိတာ၊ လှစ်လျှူ ရှုခဲ့တာတွေကို ထောက်ပြ နိုင်ခဲ့တဲ့အတွက် ကိုယ်ရဲ့ အခါလွန် နောင်တတွေနဲ့  အတူ ကိုယ့်ရဲ့ လမ်းကြောင်းကို ပြန်တည့်နိုင်ခဲ့တယ်။

ဒီလိုနဲ့  ၁၄ ရက် ၁၁ လပိုင်း ၂၀၀၇ ခုနှစ်မှာ သူမဆီက ကိုယ့်ရဲ့ ပရိုပိုစ့်ကို လက်ခံကြောင်း သိလိုက်ရတဲ့နေ့ ဟာ ကိုယ်ဟာ အနာဂတ်ကို ဆက်လျှောက်ဖို့  အားသစ်တွေ မွေးဖွားခဲ့တယ်။ အဲဒီ အားအင်တွေနဲ့ အတူ အခုအချိန်ထိ သူမဟာ ကိုယ့်အနားကနေ မငြီးမငြူ လက်တွဲလာခဲ့တာ၊ ထိန်းကျောင်းလာခဲ့တာတွေဟာ အရမ်းကို ကျေးဇူးတင်ဖို့ ကောင်းပါတယ်။

"ကဗျာဆန်ဆန် သူရုပ်က မလှပပေမယ့်.....
အိုဇာတာကောင်းဖို့ အတွက် ရွေးလိုက်ပါ့မယ်....."

ဒီသီချင်း စာသားလေးအတိုင်း ခံစားချက်နဲ့  အတူ ဘဝကို ဆက်လျှောက်လာရာမှာ လာမယ့် နိုဝင်ဘာဆိုရင် ချစ်ခရီးဟာ နှစ်နှစ် ပြည့်တောမယ့်။ ဒီ၂နှစ်အတွင်းလည်း သူမဟာ ကိုယ့်ကို တော်တော် ငဲ့ညှာခဲ့တယ်၊ အနွံတာခံခဲ့ရတယ်။

ဒါကြောင့် မိန်းကလေးရေ....... မင်းကို ကိုယ်သိပ်ချစ်တယ်ကွယ်...........။

*
မမဝါရေ.........
မမဝါ တဂ်ထားတာ ဒီပိုစ့်နဲ့ ပဲ ကျေနပ်မယ်လို့  မျှော်လင့်ပါတယ်။

8.25.2009

ဘကြီးမှုံ အညာခံရခြင်း

ဘကြီးမှုံ တစ်ယောက် ဆေးကုရင်းနဲ့  တစ်ခါတည်း ဘုရားဖူးဖို့ အတွက် ရန်ကုန်ရွှေမြို့ တော်ကြီးကို ရောက်လာခဲ့ပါတယ်။ ရန်ကုန်ကို အရင်က တစ်ခေါက်မှ မရောက်ဘူးပဲ အခုတစ်ခေါက်တော့ အရဲစွန့် ပြီး ထွက်လာရခြင်းဖြစ်ပါတယ်။ အသက်ကလည်း ထောက်လာတော့ မသေခင် ရွှေတိဂုံ ဘုရားတော့ ဖူးဦးမှဟု ရည်ရွယ်ပြီး အရဲစွန့် တက်လာရပါတယ်။


ရန်ကုန်ကို မလာခင် ရွာက ဘုန်ကြီးကလည်း ရန်ကုန်မှာ လူလိမ်တွေ များကြောင်း၊ အရာရာကို သတိထားရမယ့် အကြောင်းတွေ အထူးမိန့် ကြားထားတယ်။ တစ်ခုခုမသိရင်လည်း ဆိုင်းဘုတ်တွေ ကြည့်ရင် သိနိုင်ကြောင်း၊ လမ်းတွေ ဆိုင်တွေ အကုန်လုံးလည်း ဆိုင်းဘုတ်တွေ တပ်ထားကြောင်း မိန့် ထားတော့ ဘကြီးမှုံ သိပ်တော့ စိုးရိမ်မှု မရှိဘူး။


ဒီလိုနဲ့ ပဲ ရန်ကုန်မှာ ဘကြီးမှုံအတွက် အခက်အခဲ မရှိ ဆေးကု၊ ဘုရားဖူး အစဉ်ကို ပြေနေရော။ မြို့ ထဲသွားလည်း ဘယ်နေရာကြည့်ကြည့် ဆိုင်းဘုတ်တွေနဲ့ ၊ ထမင်းစားချင်သလား ထမင်းဆိုင် ဆိုတဲ့ ဆိုင်းဘုတ် တပ်ထားတယ်။ ပစ္စည်းဝယ်စရာရှိလည်း စတိုးဆိုင် ဆိုတဲ့ ဆိုင်းဘုတ်တပ်ထားတယ်။ ဘကြီးမှုံ အတွက်တော့ အားလုံးဟာ အခက်အခဲမရှိ အိုကေလို့  နေတယ်။


မပြန်ခင် တစ်ရက်မှာတော့ ဆူးလေဘုရားဖူးပြီး မြို့ ထဲ လမ်းအလျှောက် ဗိုက်နာလာပါရော၊ ဒါနဲ့  လမ်းသွားလမ်းလာကို အိမ်သာ နေရာမေးတော့ "ဘကြီး တည့်တည့်လျှောက်သွားရင် ကျား/မ ဆိုတဲ့ ဆိုင်းဘုတ် တွေ့ ရင် လှေကားအတိုင်း ဆင်းသွားလိုက်၊ အဲဒါ မြေအောက် အိမ်သာပဲ "လို့  လမ်းညွှန်လိုက်တယ်။ ဘကြီးမှုံ စိတ် ထဲ မှာတော့ သြော် နေရာတိုင်းမှာ ဆိုင်းဘုတ်တွေနဲ့  ညွှန်ကြားနေတာပဲ လို့  တွေးနေမိတယ်။


ဒါနဲ့ ပဲ အိမ်သာကို တွေ့ တာနဲ့  ကိစ္စရှင်းခြင်တာနဲ့  လွတ်နေတဲ့ အိမ်သာခန်းထဲ ဝင်ထိုင်လိုက်ပါလေရော။


အဲဒီမှာတင် အိမ်သာတံခါးမှာ ကပ်ထားတဲ့ စာရွက်မှာ ရေးထားတာကို ဖတ်ကြည့်လိုက်တယ်


" မိတ်ဆွေ သင်ရဲ့ ညာဖက်ကို ကြည့်လိုက်ပါ" ဆိုပြီး မျှားပြ ထားတယ်။

ညာဖက်က နံရံကို ကြည့်လိုက်တော့ စာရွက်တစ်ရွက် ကပ်ထားတာ ဖတ်ကြည့်လိုက်တယ်


"မိတ်ဆွေ သင်ရဲ့ ဘယ်ဘက်ကို ကြည့်လိုက်ပါ" ဆိုပြီး တံခါးက စာရွက်အတိုင်း ညွှန်ကြားထားတယ်။


ဒါနဲ့  ဘယ်ဘက်က နံရံကို ကြည့်လိုက်တော့


" မိတ်ဆွေ သင်ရဲ့ နောက်ဘက်ကို ကြည့်လိုက်ပါ" ဆိုပြီး စာရွက်ကပ်ထားပြန်လေရော။


ဘကြီးမှုံလည်း ရှင်းရမယ့် ကိစ္စကို မေ့ပြီး သိချင်စိတ်တွေ ပြင်းထန်လာတယ်၊ နောက်ဘက်ကို ကြည့်လိုက်တော့


"မိတ်ဆွေ အပေါ်ကို ကြည့်ပါ" ဆိုပြန်ရော။


ဒါနဲ့  အပေါ်ကို မော့ကြည့်ပြီး ရေးထားတာ ဖတ်လိုက်တော့


" ဟိုကြည့် ဒီကြည့်နဲ့  ဘာဖြစ်နေတာလည်း သေသွားချင်လား" ဆိုပြီး တွေ့ ပါလေရော။


ဘကြီးမှုံလည်း ရှင်းမယ့်ကိစ္စကို မေ့ပြီး ကြောက်အားလန့် အားနဲ့  အိမ်သာကနေ ပြေးထွက်လို့  သွားပါတော့တယ်။



*တစ်ချိန် မဆလ လက်ထက်က ဆူးလေဘုရားလမ်းမကြီးပေါ်မှာ မြေအောက်အိမ်သာ ရှိခဲ့ဖူးပါသည်။

8.23.2009

မွေးနေ့ လက်ဆောင်

ဘလော့ဂါ မောင်နှစ်မ များအားလုံးကို အထူးပဲ တောင်းပန်ချင်ပါတယ်။

ကျွန်တော် ဘလော့ လောကနဲ့  အဆက်ပြတ်သွားတာ တော်တော် ကို ကြာသွားပေါ့။ ဖြစ်ပုံက ကျွန်တော်ရဲ့ လက်ပ်တော့လေး ဆေးရုံ တက်နေရတဲ့ အချိန်မှာ အမျိုးတွေ အလည်လာပါလေရော။ ဒါနဲ့  အလုပ်တွေ အရမ်းရှုပ်ပြီး ဘလော့မဂင်းနိုင်တော့ပါ။

ဒါပေမယ့် နေ့ စဉ်နေ့ တိုင်း ဝတ္တရား မပျက် စီဘောက်မှာ လာလာအော်နေတဲ့ ညီအကို မောင်နှစ်မများအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ အခုအချိန်က စပြီး ပုံမှန် ပိုစ့်တွေ တင်နိုင်ပါတော့မယ်။

အမျိုးတွေ တစ်ပတ်လောက် နေသွားတဲ့ အချိန်မှာ စလုံးကျွန်ပေါ်မှာ နေရာအနှံ ကျွန်တော် ရောက်ခဲ့တယ်။ ဒီမှာ အနေကြာတဲ့ ကျွန်တော်အဖို့  တစ်ချို့ နေရာတွေဆို သူတို့  ပြောမှ ကျွန်တော်သိရတယ်။ ဥပမာ စင်္ကာပူမြို့  စတည်ကတည်း က တရုတ်ဘုံကျောင်းဆိုရင် ကျွန်တော် မသိရိုး အမှန်ပါ။ အဲဒီ ဘုံကျောင်းကတော့ China Town နားက Telok Ayer လမ်းပေါ်မှာ ရှိပါတယ်။ နှစ်ပေါင်း နှစ်ရာကျော် သက်တမ်းရှိပြီး ရှေးဟောင်းအမွေအနှစ် အဖြင့် အစိုးရက ထိန်းသိမ်းထားပါတယ်။ ဆုတောင်းပြည့်တယ်လို့ လည်း ပြောကြတယ်။

ကျွန်တော်တို့  ရောက်သွားတဲ့အချိန်မှာ နောက်ကျသွားတဲ့အတွက် ပိတ်သွားပါပြီ။ အပြင်ကနေပဲ ကြည့်ခဲ့ရတာပါ၊ လက်ရာကတော့ တော်တော်ကို ရှေးဆန်ပါတယ်။ ခေတ်မှီအဆောက်အဦတွေ ကြားထဲမှာ ရှေးဟောင်း အဆောက်အဦ တစ်ခုက တော်တော်ကို ရသ ပေးနိုင်စွမ်း ရှိပါတယ်။ ကျန်တဲ့ နေရာတွေကတော့ အများသိတဲ့အတိုင်း ပေါ်ပြူလာ ဖြစ်တဲ့ နေရာတွေပါပဲ။

နောက်တစ်ခု အနေနဲ့  Night Safari သွားမယ်ဆိုရင် ညနေစာ အဝစားပြီးမှ သွားပါ၊ အထဲမှာ တော်တော်လေးကို ဈေးကြီးပါတယ်။ လူငါးယောက် ကြက်ဆီထမင်း၊ ကြက်တစ်ခြမ်း နဲ့  ရေလေးဗူးသောက်တာ စလုံး ၈၅ ကျပ်တောင် ကျပါတယ်။




ဒါပေမယ့် လူရိုင်းတွေကတော့ စားပွဲနားထိ လာဖျော်ဖြေပါတယ်။ ပျော်ဘို့တော့ ကောင်ပါတယ်။

ဗလတွေတော့ အကြီးကြီးပဲ နော်.....း)

အထဲမှာတော့ ရထားစီးပြီး ပတ်လို့ ရသလို လမ်းလျှောက်ပြီးတော့လည်း သွားလို့ ရပါတယ်။ ကျွန်တော်တို့  အဖွဲ့ ကတော့ လူကြီးတွေပါတော့ ရထားစီးဖို့ ပဲ ရွေးလိုက်ပါတယ်။ အဲဒီမှာလည်း လေကြောင်းလိုင်းတွေက တိုးရစ်တွေအတွက် စပွန်ဆာ ပေးထားပါတယ်။ လက်မှတ်တစ်စောင် ၅ ဒေါ်လာ လျှော့ပေးပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ ရဲ့ MAI မပါ ပါ....း(

အထဲမှာတော့ တိရိစ္ဆာန်တွေ ပြထားပါတယ်၊ သိပ်မထူးဆန်းပါဘူး။ ထူးဆန်းတာကတော့ ကျွဲ ကိုလည်း Asian Bufflo အနေနဲ့  ပြထားတာပါပဲ။ ရွှေတွေ အဖို့ တော့ ဒါဟာ ဟာသတစ်ခုလို ဖြစ်နေရော..း))

ဘာပဲပြောပြော စိတ်ချမ်းသာမှုတော့ ရှိပါတယ်။ ပိုက်ပိုက်လည်း နောက်ကလိုက်ရတာကို......

ဒါနဲ့ စကားမစပ် ဒီကျွန်းပိစိပေါ်က မောင်နှမ သုံးယောက်ရဲ့ မွေးနေ့ ကိုလည်း မနေ့ က သွားလိုက်ရတယ်၊ တစ်နေရာထဲမှာ စုပြီးတော့ နွေးနွေး ထွေးထွေး ပျော်ပျော်ရွှင်ရွှင်နဲ့  အရမ်းပီတိဖြစ်ရပါတယ်။ သူတို့ တွေကတော့

အစဉ်အမြဲ ချစ်မယ့်  သီဟသစ် ( နှင်းဆီဖြူ ကို ပြောတာပါ...)

ညီမငယ် နွေးနေခြည်

ညီမငယ် မေဇင် တို့ ပဲ ဖြစ်ပါတယ်။

အထူးကျေးဇူးတင်ရမှာကတော့ Chief cook များဖြစ်ကြတယ့် ညီမငယ် ထင်းထင်း ခေါ် မေလေးနဲ့ အဖွဲ့  ဖြစ်ပါတယ်။ ချက်ပြုတ်တာကတော့ အရမ်းကောင်ပါတယ်း)

တောင်းပန်စရာတစ်ခုကတော့ ကျွန်တော် အဲဒီရောက်မှ မွေးနေ့ ဆိုတာ သိတဲ့ အတွက် လက်ဆောင်လည်း မပေးခဲ့ရပါဘူး။ ဒါကြောင့် အခု ဒီပိုစ့်လေးကို သူတို့ ရဲ့ မွေးနေ့ လက်ဆောင်အဖြစ် တင်လိုက်ပါတယ်ဗျား။

8.07.2009

တွေးကြည့်တာပါဗျာ

ကျွန်တော်တို့ အားလုံးဟာ အခြေအနေ အကြောင်းကြောင်းကြောင့် နိုင်ငံရပ်ခြားကို ထွက်ခွါခဲ့ကြရတယ်။ နောက်တော့ ရောက်ရှိတဲ့နိုင်ငံမှာ အခြေချဖို့  ကြိုးစားကြတယ်။ ဒါတွေ အားလုံးဟာ နိုင်ငံခြားမှာ ရောက်နေကြတဲ့ လူအားလုံးရဲ့ အခြေခံတူညီချက်တွေပါ။

အဲဒီမှာ ကျွန်တော်တို့  အားလုံးဟာ တော်တော်လေးကို ပေးဆပ်ကြရတာပါ၊ ကိုယ်ရဲ့ မိဘ မောင်ဘွား ဇနီးမယား အားလုံးကို ထားခဲ့ပြီးတော့ ထွက်လာာကြရတာပါ။ နောက်တော့မှ အလုပ်အကိုင် အတည်အကျ အခြေကျတဲ့ အခါမှ သူတို့ ကို ခေါ်ရတာပါ။ ဒါဟာ အကြမ်းပျင်း တွေးကြည့်တာပါ။


ဒီအထိ ပြဿနာ မရှိသေးပါဘူး၊ ပြဿနာက ကျွန်တော်တို့ ရဲ့ မျိုးဆက်ပါ။ ကျွန်တော်တို့ ရဲ့ သားသမီးတွေ၊ နောက် သူတို့ မှ တဆင့် ပေါက်ဖွားလာမယ့် မျိုးဆက်သစ်တွေ လက်ထက်ဆိုရင် ဘယ်လိုတွေ ဖြစ်လာနိုင်သလဲ။ ကျွန်တော် တွေးကြည့်တာပါ။


ဘာကြောင့် ဒီလို အတွေးတွေ ဖြစ်ပေါ်လာရသလဲဆိုတော့ ဒီမှာမွေးတဲ့ ကလေး တော်တော်များများ မြန်မာစကား သိပ်မပြောတက်ကြဘူး၊ ပြောတက်ရင်တောင် ဝေါဟာရ ရှားပါးကြတယ်။ တစ်ချို့ ဆို မြန်မာယဉ်ကျေးမှုတောင် ဆုံးရှုံးနေကြရတယ်။


ဒီလိုဖြစ်ကြရတာလည်း မိဘတွေဖြစ်တဲ့ ကျွန်တော်တို့  မျိုးဆက်ရဲ့ တာဝန်မကျေမှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နိုင်ငံခြားမှာ နေထိုင်ကြရတဲ့ မိဘတွေ ခင်မျာလည်း အိမ်ရှိလူကုန် အကုန်အလုပ်ထွက်လုပ်နေကြရတော့ ကိုယ့်သားသမီးအတွက် အချိန်မပေးနိုင်၊ ပြန်လာတော့လည်း အလုပ်က တင်းကျပ်မှုတွေနဲ့  အိပ်ယာစောစောဝင် ဒီလိုနဲ့ ပဲ သားသမီးနဲ့  မိဘ တစ်ဖြည်းဖြည်း ကင်းကွာသွားကြပြီး ကလေးတွေက သီးခြားဟန်နဲ့  ရပ်တည်သွားကြရော။


နောင်အနှစ် နှစ်ဆယ် လေးဆယ် ရောက်တဲ့အခါ ကျွန်တော်တို့  ရွှေနိုင်ငံကြီးက အာရှမှာထိပ်တန်းဖြစ်နေ.....း)) တဲ့အခါမှာ နိုင်ငံခြားမှာရှိတဲ့ မျိုးဆက်က ရွှေမြန်မာ နဲ့  ရွှေပြည်ကြီးက ရွှေမြန်မာတွေ ဆက်သွယ်မှုတွေ ရှိကြရတော့မယ်။ အဲ့ဒီအခါမှာ မြန်မာစကား လိပ်ပတ်လည်အောင် မပြောတက်လို့  တရုတ်စကားမတက်တဲ့ တရုတ်ကို စကားတက်တဲ့တရုတ်က နှိမ်သလိုမျိုး အနှိမ်ခံကြရမှာ မြင်ယောင်မိတယ်။


ဒါကြောင့် အခုအချိန်ကတည်းက ကလေးတွေကို ကြိုးစားအချိန်ပေးပြီး လိုအပ်တာလေးတွေကို သင်ကြားပေးရမှာ ကျွန်တော်တို့  မိဘ မျိုးဆက်တွေရဲ့ တာဝန်ပါ။ ကိုယ့်ခလေး မြန်မာလို မပြောတက်တာ ဂုဏ်ယူစရာ မဟုတ်ပါ။


ဘာရယ်မဟုက်ပါဘူး၊ ပင်နီဆူလားမှာ တွေ့ ခဲ့တဲ့ သားအမိနှစ်ယောက် အင်္ဂလိပ် တစ်ဝက် မြန်မာတစ်ဝက် ပြောတာ မြင်ယောင်ပြီး ဆက်တွေးကြည့်တာပါ။

(အားလုံးကို မဆိုလိုပါ)