8.03.2009

ကြုံရဆုံရ ပေါက်ကရ (၂)

လောကတွင် စကားပုံတို့ သည် အလကား ပေါ်ပေါက်လာသည်မဟုတ်၊ ရှေးလူကြီးများ၏ အတွေ့ အကြုံများကို အခြေခံ၍ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုကြောင့် ဖြစ်စဉ်တိုင်းနီးပါးတွင် စကားပုံတို့ နှင့် ကင်းကွာ၍ မရဟု ကျွန်တော်မြင်မိသည်။

တစ်ခါတစ်ရံ အကျိုးနှင့် အဆိုး ဒွန်တွဲနေလျှင် စကားပုံ နှစ်မျိုး ဖြစ်နေတက်ပြီး ဝေခွဲရခက်တက်သည်။ ဥပမာ "တစ်ရွာမပြောင်း သူကောင်းမဖြစ်"နှင့် "သေချင်တဲ့ကျား တောပြောင်း" စကားပုံတို့ တွင် သင်မည်သို့  ဆုံးဖြတ်မည်နည်း။

နောက်တစ်ခုက "ပေးကမ်းခြင်းသည် အောင်မြင်ရာ၏" ဖြစ်ပြီး ဆန့် ကျင်ဘက်ကား "စေတနာသည် လူတိုင်းနှင့်မတန်" ဖြစ်နေတက်သည်။ ထိုအခါမျိုးတွင်ကော အသင် မည်သို့  ဆုံးဖြတ်မည်နည်း။ ကျွန်တော်လည်း မဆုံးဖြတ်တက်ပါ။ ဘာကြောင့်လည်းဆိုတော့ ဒီဆန့် ကျင်ဘက် စကားပုံနှစ်ခု၏ အကျိုးကျေးဇူးကို မျက်မြင်ကိုယ်တွေ့  ကြုံလိုက်သောကြောင့် ဖြစ်သည်။

ကျွန်တော် ပြောပြပါမည်.............

ကျွန်တော် ၉တန်းကျောင်းသား ဘဝတုန်းကပေါ့။ တစ်ရက် သူငယ်ချင်း သုံယောက်နဲ့ အတူ စာအုပ်ဝယ်ပြီးပြန်အလာ မြေနီကုန်း မီးပွိုင့်တွင် ကားလမ်းကူးကာနီး စောင့်နေချိန်.........ဆိုင်ကယ်တစ်စီးက မီးစိမ်းလို့  အထွက်....ပေါ့။

ဆိုင်ကယ်ပေါ်မှာတော့ အသက် အစိတ်ဝန်းကျင် စုံတွဲ တစ်တွဲ။ ဆိုင်ကယ်ထွက်တဲ့ အချိန်မှာ အမျိုးသမီးရဲ့ ထမီစဟာ ဘယ်ကဘယ်လို ဆိုင်ကယ်ချိန်းကြိုးကြားထဲ ဝင်သွားတယ် မသိဘူး၊ ဆိုင်ကယ်ပေါ်ကနေ ဒလိမ့်ခေါက်ကွေး ပြုတ်ကျ ကျန်ခဲ့တာ ထမီ မရှိတော့ဘူး။

စက္ကန့် ပိုင်းအတွင်း ဖြစ်တဲ့ အဖြစ်အပျက်၊ အမျိုးသားကလည်း တော်တော်လှမ်းလှမ်းမှာ ဆိုင်ကယ်ရပ်သွားပြီး ချိန်းကြားက ထမီကို ဆွဲထုတ်နေရတယ်။ မိန်းမခင်မျာ နာကျင်တာတောင် ဂရုမစိုက်အားပဲ သူ့ အရှက်သူလုံအောင် ဟိုကာဒီကာ ဖြစ်နေတယ်။ ကျွန်တော်တို့ လည်း မျက်စိရှေ့မှာ ဘာလုပ်လို့  ဘာကိုင်ရမှန်းကို မသိတော့တာ။ (သွားကိုင်မိရင်လည်း ပြဿနာ.....း )

အဲဒီအချိန်မှာ ကယ်တင်ရှင်ကတော့ ကျွန်တော်တို့ နဲ့ အတူတူ ကားလမ်းကူးဖို့  စောင့်နေတဲ့ ဦးလေးကြီးပေါ့။ အသက် ၅၀ကျော်လောက်ရှိမယ်။ သူက တခါတည်း မပြောမဆို သူ့ ပုဆိုး ချွတ်ပြီး သမီး သမီး ဒါ ဝတ်ထား ဆိုပြီး ပစ်ပေးလိုက်ရော။ သူကတော့ စစ်ဘောင်းဘီ အတိုကြီးနဲ့  မီးပွိုင့်မှာပေါ့။

အဲဒီ မိန်းမလည်း တခါတည်း ပုဆိုးကို ကောက်ဝတ်ပြီးတော့ ရှက်ရှက်နဲ့  ဆိုင်ကယ်စီကို ပြေးသွား...၊ ဆိုင်ကယ်က လူကလည်း ညှပ်နေတဲ့ ထမီကို ထုတ်အပြီးဆိုတော့ ရှက်ရှက်နဲ့  မိန်းမကို တင်ပြီး မောင်းထွက်သွားလိုက်တာ မီးခိုးငွေ့ တွေရယ် စက်ဆီပေနေတဲ့ ထမီအစုတ်ရယ် စစ်ဘောင်းဘီအတိုနဲ့  ဦလေးကြီးရယ် မြေနီကုန်း မီးပွိုင့် အလယ်မှာ ကျန်နေရစ်ခဲ့တော့တယ်။

ဒါကြောင့်လည်း တခါတရံ ကူညီတိုင်းလည်း ဒုက္ခရောက်တက်ကြောင်း သိခဲ့ရပါတယ်။...း))

FYI: ဒီရက်ပိုင်း ပိုစ့်နည်းနည်း ကျဲပါမည်၊ ဘာဖြစ်လို့ လည်းဆိုတော့ ကျွန်တော် လက်ပ်တော့လေး ဆေးရုံတက်နေရလို့ ပါ။ ဒီပိုစ်တောင် ရုံးကနေတင်လိုက်တာပါ။ အိမ်လည်မထွက် ဖြစ်သေးပါခင်ဗျာ၊ ဧည့်ဝတ်မကျေဖြစ်တဲ့အတွက် တောင်းပန်ပါတယ်။

18 comments:

နွေးနေခြည် said...

ဟဟားးးးးးးး)
ကိုAndrew ကရော ဦးလေးကြီးကို ထပ်မကူညီလိုက်ဘူးလား။

ရွက်လွင့်ခြင်း said...

အမှန်အတိုင်းပြောရရင် ၉တန်းထိ အောက်ခံဘောင်းဘီ မဝတ်တက်သေးပါခင်ဗျား))

The Queen said...

တော်သေးတာပေါ့ ထမီပဲ ကျွတ်လို့၊ အရင်တုန်းက မန်းတလေးမှာအမျိုးသမီးတယောက် ဘုရားကြီးကအပြန် သူ့ဆံပင်အရှည်ကြီး ဆိုင်ကယ်နောက်ဘီးထဲ ညှပ်သွားလို့ ဦးရေပြားတွေ လှန်ထွက်ပြီး သေသွားတယ်လို့ ကြားဖူးတယ်။ အခုခေတ်မှာတော့ ဆံပင်တွေလည်းတိုကုန်၊ ဘောင်းဘီတွေလည်း အဝတ်များလာတော့ တော်သေးတယ်လို့ဆိုရမယ်။

မေဓာဝီ said...

မိန်းကလေးတွေ ဆိုင်ကယ်စီးရင်သတိထား စရာပဲ။
လုံခြည်ဝတ်တာ သဘောကျပေမဲ့ အဲဒီလို ဆိုးကျိုးတွေလဲရှိတယ်နော်။
ကူလိုက်တဲ့ဦးလေးကြီးလဲ သနားပါတယ်။ အရေးတကြီး သွားစရာရှိရင် ဒုက္ခရောက်ပြီ။

မေဇင် said...

ဟဟဟဟ ရီရတယ်...ဦးလေးကြီးမှာ စစ်ဘောင်းဘီတိုကြီး ရှိနေတာပဲ...တော်သေးတယ်..သနားတော့ သနားပါတယ်နော်...။ စုံတွဲလဲ ရှက်လို့ပြေးတာပေါ့...သူတို့လဲ သနားပါတယ်...။

jr.လွင်ဦး said...

အမလေးတော်...ကို Andrew မကူညီမိလို့ တော်သေး။
ပြုံးမိတယ်။

sonata-cantata said...

ဦးလေးကြီး ကယ်ပေလို့...ဒါနဲ့ ရန်ကုန်မှာ ဆိုင်ကယ်တွေ မစီးရတော့တာ အတော်ကြာသွားပြီနော်

ရွက်လွင့်ခြင်း said...

အပေါ်က ကွန်မန့် ပေးသူအားလုံး ကို ကျေးဇူးတင်ပါတယ်

မသီတာရေ
ကြာတော့ကြာခဲ့ပြီ ကျွန်တော် ကိုးတန်းဆိုတော့ ၁၉၉၁ လောက်က ကြုံတွေ့ ခဲ့တာပါ

rose of sharon said...

အဲဒီဦးလေးကြီးရဲ့စိတ်ဓာတ်ကိုလေးစားတယ်... တကယ်တော့ဒီခေတ်ကြီးထဲမှာဒါမျိုးရှားကုန်ပြီနော်...

သားကြီး said...

သွားမကိုင်မိလေနဲ့
သွားမကိုင်မိလေနဲ့ဘရားသားရေ ရှော့ရှိတယ်ဗျ:P
စေတနာဆိုတာကတော့နေရာတိုင်းအတွက်မဟုတ်
ဘူးပေါ့ဗျာ စစ်ဘောင်းဘီနဲ့ဦးကြီးကျေးဇူးတင်စကားလေးတောင်
အပြောမခံလိုက်ရဘူးပေါ့နော် အင်းပေါ့လေ အရှက်နဲ့လူလုပ်ကြတဲ့မိန်းကလေးတွေပဲ ရှက်ရှက်နဲ့ပြောဖို့မေ့သွားတယ်နဲ့တူတယ်
ကျနော်တစ်ခါကြုံဖူးတာပြောပြမယ်အစ်ကိုရေ
ဒီပိုစ်ထဲကအတိုင်းပဲ အနောက်ကထိုင်လိုက်တဲ့မိန်းကလေးရဲ့စကပ်အရှည်က
ဆိုင်ကယ်စပုတ်တံနဲ့ညှပ်ပြီးကွင်းလုံးကျွတ်ကျ
ကောင်မလေးလည်းဆိုင်ကယ်ပေါ်ကပြုတ်ကျ အရှိန်နဲ့မောင်းနေတဲ့အရှေ့ကကောင်ကမသိလိုက်ဘဲတဝူးဝူး
နဲ့ပဲမောင်းထွက်သွားတယ် ကောင်မလေးလည်းလမ်းနဲ့ခေါင်းနဲ့ဆောင့်မိပြီးမူးမလို မေ့မလိုဖြစ်နေတယ် သတိတော့ရတချက် မရတစ်ချက် လူတွေအများကြီးပြေးပြီးအကူအညီပေးဖို့လုပ်တာပေါ့ဗျာ လူအုပ်ကြားကကောင်မလေးခမျာ သတိရချိန်မှာ အရှက်ကိုလက်နှစ်ဘက်နဲ့ဖုံးထားရှာတယ် သတိလည်းမေ့သွားရော မဖုံးမိပြန်ဘူး ထပ်သတိရလာပြန်ရော ထပ်ဖုံး ဖုံးလိုက် ပိတ်လိုက် သတိရလိုက် မရလိုက်နဲ့ ကားနဲ့ဆေးရုံခေါ်သွားမှပဲတော်တော့တယ်
အစ်ကို့ပိုစ်လေးဖတ်ပြီး ပြန်သတိရမိတာလေးပါ ဆေးရုံပေါ်ရောက်မှပဲ
ဆိုင်ကယ်မောင်ကြီးကရောက်လာပါသတဲ့
ကောင်းရောဗျာ ။

သားကြီး said...

ကျနော့်ကွန်မန့်မှာမှားတင်မိပြီဗျိုးးးး
ပြဿနာပဲအစ်ကိုရေးးးး

ဇော် said...

ဟားဟားဟား။ =))

သက်ပိုင်သူ said...

ဟ ဟ
ဖတ်ရင်းဖတ်ရင်း ရယ်နေမိတယ် .. မြင်လည်းမြင်ယောင်တယ်။။ အမယ် .. ထမိတောင် အနီရောင်လေးဆိုပြီး တွေးနေမိတယ်

khin oo may said...

ဟုတ်တယ်။ အဲဒီပုံပြင်ကြာ်းဘူးလိုက်တယ်။ အတော်နာမည်ကြီးသွားတယ်။

subuueain said...

အလိုမျိုးကြားဖူးတယ်။ ဦးလေးကြီးလိုလူမျိုးရှိလို့တော်သေးတာပေါ့နော်။ခုခေတ်လိုမျိုးဆို ဝိုင်းဟားမယ်နဲ့တူတယ်။

subuueain said...

အလိုမျိုးကြားဖူးတယ်။ ဦးလေးကြီးလိုလူမျိုးရှိလို့တော်သေးတာပေါ့နော်။ခုခေတ်လိုမျိုးဆို ဝိုင်းဟားမယ်နဲ့တူတယ်။

Anonymous said...

ညီမလဲ မေမြို့ မှာတုန်းက အဲလိုမျိုးတစ်ခါ
မြင်ဖူးတယ်။ ထမီစက ဆိုင်ကယ်ဘီးမှာညှပ်
နေပြီးလူက လိမ့်ကျကျန်ခဲ့တာ။ ကံကောင်းချင်တော့ လမ်းထိပ်မှာရှိနေတဲ့
အိမ်က အန်တီကြီးပြေးထွက်လာပြီး ထမီ
တစ်ထည်အပြေးလေးလာပေးတယ်။
အစ်ကို့ ရဲ့ post ထဲကဦးလေးကြီးကတော့
Bravo ပဲဗျို့ ။ ချီးကျုးမိတယ်တကယ်။
ခင်မင်လေးစားလျှက်...ခင်မာလာအောင်..:)

ကြည်ဖြူပိုင် said...

မလွယ်ပါလားနော် ဆိုင်ကယ်စီးရတာလဲ။ အနော်ကဆိုင်ကယ်တော့သိပ်မစီးလို့ တော်သေးသပေါ့။ ဆိုင်ကယ်ပေါ်က အမျိုးသမီးလဲ ရှက်လွန်းလို့ထွက်ပြေးတာပေါ့။ ဦးလေးကြီးခမျာလဲ ကူညီလိုက်ရတာ..အရေးတကြီးသွားစရာရှိရင်ဒုက္ခ