9.07.2009

တစ်ချိန်တုန်းက ချောင်းသာ

တစ်ခါတစ်ခါ ငယ်ငယ်က အကြောင်းတွေ ပြန်စဉ်းစားမိရင် အရမ်းကို နုပျိုလန်းဆန်းသွားစေတယ်၊ အထူးသဖြင့် ငယ်သူငယ်ချင်းတွေနဲ့  ပြန်ဆုံတဲ့ အခါမှာ ကိုယ့်ကိုယ်ကို ဆယ်ကျော်သက် ဘဝကို ပြန်ရောက်သွားသလိုပါပဲ။
မနေ့ က ရွာက သူငယ်ချင်းတစ်ယောက်နဲ့  ဖုန်းပြောဖြစ်တော့ သူငယ်ချင်းတော်တော်များများ ကလေးအဖေ ရာထူးတွေ ရကုန်ပြီဆိုတာ သိခဲ့ရတယ်။ ကိုယ့်မှာတော့ အခုထိ Lonely [ ကြုံတုန်း ကြော်ငြာဝင်တာပါ....း)]

ဒါနဲ့ ပဲ သူနဲ့  တော်တော်ကြာ ဖုန်းပြောလိုက်ပြီးတော့ ငယ်ငယ်က အကြောင်းတွေ ခေါင်းထဲ တန်းစီပြီး ဝင်လာရော၊ ဆယ်တန်းဖြေပြီးတော့ သူငယ်ချင်းတွေ အကုန် စုပြီး ချောင်းသာသွားတာကို ပြန်ပြီးသတိရမိတယ်။

၁၉၉၃ လောက်ကပေါ့ ဆယ်တန်းစာမေးပွဲကို ကျွန်တော်တို့  သူငယ်ချင်းတွေအားလုံး ဖြေပြီးတဲ့ အချိန်မှာ ကျွန်တော်တို့  အားလုံးဟာ လယ်ယာပြန်စား ရေး ဖြစ်ကုန်ရော၊ တက္ကသိုလ်တက်ဖို့ ဆိုတာ စောင့်ဦးဟဲ့ နှစ်နှစ်။ ဒါနဲ့ ဘဲ တစ်ယောက်သောသူက အကြံပြုလာတယ်၊ သင်္ကြန်ရောက်ရင် တစ်နေရာရာ ခရီးထွက်ဖို့  အကြောင်း အဆိုပြုလာတယ်။

ဒါနဲ့ ပဲ အားလုံးစုံညီ ဆုံးဖြတ်လိုက်တာ ချောင်းသာ ကမ်းခြေကိုရွေးလိုက်ကြတယ်။ သူငယ်ချင်းခုနှစ်ယောက်ကလည်း ညီသလားမမေးနဲ့ ၊ တစ်ယောက် အဆိုပြုရင် ကျန်ခြောက်ယောက် ထောက်ခံပြီးသား ကန့် ကွက်မဲမရှိ။ ချောင်းသာလို့  အဆိုပြုရတာလည်း ဒီကမ်းခြေကို ကျွန်တော်တို့ ဘဘကြီးတွေက စပြီး မြန်မာ့အသံမှာ ပြနေတာ တော်တော်ကို သာသာယာယာ ရှိနေလို့ လည်းပါတယ်။ (ဘတ် လမ်းခရီး အကြောင်းတော့ မပြပါ)

ဒါနဲ့ ပဲ အားလုံးစုပြီး တိုင်ပင်ကြတော့ သူငယ်ချင်းတစ်ယောက်က သူအိမ်ကနေ ပတ်ပလေကာတစ်စီးရယ်၊ ကားမောင်းဖို့  ဦးသြဘာဆိုတဲ့ လူပျိုကြီးတစ်ယောက်ထည့်ပေးလိုက်တယ်။ ဒါနဲ့ ပဲ သင်္ကြန်မကျခင် နှစ်ရက်အလို စထွက်ဖို့  စီစဉ်လိုက်တယ်။ ခရီးစဉ်အတွက် လိုအပ်တာတွေ စီစဉ်ပြီး ခရီးထွက်မယ့်နေ့ ကို စောင့်ရတာ စိတ်ကူးနဲ့ တင် တော်တော် ပျော်ဖို့  ကောင်းနေတယ်။

ဒီလိုနဲ့ သတ်မှတ်ထားတဲ့ နေ့ ရောက်ရော မနက်ကိုးနာရီ လောက်စုရပ်ကနေ စထွက်လာခဲ့တယ်။ ပထမဦးဆုံး လှိုင်သာယာဇတ်ဆိပ်ကို ၁၀နာရီလောက် ရောက်ရော၊ ကျွန်တော်တို့  ဘဝမှာ အုပ်ထိန်းသူမပါပဲ ရန်ကုန်ပြင်ပကို ခရီးထွက်တာ ဒါပထမဦးဆုံးအကြိမ်ပေါ့။ ဇတ်ဆိပ်ရောက်တော့ ထုံးစံအတိုင်း စောင့်ရရော၊ အဲဒီအချိန်က လှိုင်သာယာတံတားလည်း မထိုးရသေးဘူး။

၁၀နာရီခွဲလောက် အလှည့်ရောက်တော့ လှိုင်သာယာဘက်ကို ဇတ်နဲ့ ကူးပါတော့တယ်။ ကျွန်တော့်ရဲ့ ပထမဦးဆုံး ဇတ်စီးဖူးခြင်းပါ။ မိနစ်၂၀လောက်ကြာတော့ လှိုင်သာယာဘက်ခြမ်းကို ရောက်ရော ကျွန်တော်တို့ ကားလေးဟာ ရန်ကုန် ညောင်တုန်း လမ်းပေါ်ကနေ ညောင်တုန်း ဘက်ကို ဦးတည်ပြီး မောင်းတော့တာပါပဲ။

ဒီလိုနဲ့  မွန်းလွဲ ၁၂ နာရီခွဲ လောက် ညောင်တုန်း စကော့ဇတ်ဆိပ်ကို ရောက်တော့မှ ပေးကမ်းခြင်းသည် အောင်မြင်ရာ၏ ဆိုတဲ့ ဆောင်ပုဒ်မှန်ကန်ကြောင်းကို လက်တွေ့  သိခဲ့ရတယ်။ ဇတ်ကူးမယ့် ကားတွေ တန်းစီထားတာ မျက်စိတစ်ဆုံး ကိုယ်တွေကလည်း နိုင်ငံကြီးသားပီသစွာ ကျူတန်းကြီးထဲ ဝင်စီရော၊ တော်တော်နဲ့  မရွေ့ တစ်ခါတစ်ရံ ကိုယ်နောက်က ကားတွေက ဇတ်ပေါ်ရောက် ကိုယ်ကားက ဒီနေရာကဒီနေရာပဲ။ ကိုယ်တွေကလည်း ချာတိတ်တွေဆိုတော့ ဒါမျိုး နားမလည်၊ ညနေ ၃ နာရီလောက်ကျမှပဲ ကျွန်တော်တို့ အလှည့် ရောက်လာတယ်။

ဒါတောင်မှ ကျွန်တော်တို့  သွားပြီး ပူညံပူညံ လုပ်လွန်းလို့ နဲ့ တူတယ်၊ သူတို့ ကတော့ ထင်မှာပဲ ဒီချာတိတ်တွေ အရိပ်သုံးပါး နားမလည်ဘူးလို့ ...း) ။ မလုပ်လို့ လည်း မရဘူးလေ၊ ပုသိမ်ရောက်ရင် နောက်ဇတ်တစ်ခု ကူးဖို့  ကျန်သေးတယ်။ အဲဒီဇတ်က ညနေ ၆ နာရီဆို ပိတ်ပြီတဲ့။ ဒါနဲ့  ၃ နာရီ ၄၅ မိနစ်မှာ စကော့ ဘက်ခြမ်းရောက်တယ်။

ကျွန်တော်တို့  ကားလေးဟာ စကော့ ပုသိမ် လမ်းပေါ်မှာ ဟိုက်စပိနဲ့ ပုသိမ်ကို အမှီရောက်ဖို့  မောင်းရတော့တယ်။ အဲဒီလမ်းဟာ ကြာနီကန်ဆရာတော်ဘုရားဟောသလို ပြောရရင် ကျောက်ခဲ စားသွားရင် အစာကြေမယ့်လမ်း ခင်ဗျ။ လမ်းလို့ သာပြောတာ ကျောက်ခဲတွေပဲ ခင်းထားပြီး ကတ္တရာကို မရှိတယ့်လမ်း၊

ကျွန်တော်တို့ ကားဟာ ပတ်ပလေကာ ဖြစ်တာကြောင့် နောက်ခန်းကို ခဲစတွေ လာစင်တယ်၊ ဒါနဲ့  ရွှေဥာဏ်တော် စူးရှပြီး နောက်တံခါးကို လှန်ချထာလိုက်တော့ ခဲစင်နဲနဲ သက်သာသွာပါတော့တယ်၊ ဒါပေမယ့် ပုသိမ်ရောက်လို့ ပြန်ကြည့်လိုက်တယ့် အခါမှာတော့ ပတ်ပလေကာနောက်ဖုံးမှာ ဆေးရောင်လုံးဝ မရှိတော့ပါဘူး။ (ပြန်ရောက်တော့ ကားပိုင်ရှင် သူငယ်ချင်းလည်း အိမ်ကနေ ၃ရက်လောက် ဆင်းလိုက်ရတယ်)

ညနေ ၅ နာရီ ၄၅ လောက်မှာ ပုသိမ်မြို့ထဲကို ရောက်တော့တယ်၊ ဒါနဲ့ ပဲ တစ်ဘက်ကမ်း ကူးဖို့  ဇတ်ဆိပ် လိုက်ရှာကြတာ ပုသိမ်မြို့ ထဲမှာတင် လည်နေတော့တယ်။ ကျွန်တော်တို့ ရဲ့ လမ်းသူရဲဆန်တယ့် အပြုအမှုတွေ ကြောင့်လားမသိဘူး လမ်းညွှန်တဲ့ လူက ပို့ မယ့်ပို့  ကူတို့ ကို မပို့ ဘူး။ အဲဒီလိုနဲ့  ညနေ ၆နာရီ ၁၅ မိနစ်လောက်မှ ဇတ်ဆိပ်ကို ရောက်ပါတော့တယ်။ နောက်ကျ သွားပြီပေါ့။

ဇတ်ကိုတော့ ရေလည်မှာ မြင်သာမြင်နေရတယ်။ ကမ်းကနေ တရွေ့ ရွေ့ ခွါနေလျှက်ပေါ့......၊

(ဆက်ပါဦးမည်)

17 comments:

ခရေညို said...

မဝါတို့ ကိုကြည့်ပြီး
အားကျလိုက်တာ
ပျော်စရာကြီး

Nge Naing said...

ချောင်းသာကို ရောက်ဖူးချင်တယ်။

yangonthar said...

ချောင်းသာအသွား လမ်းတွင် ရေငတ်လျှက်ရှိ ပါသည် ဆက်ရန်ကိုမျှော်နေပါတယ်ဗျာ
ခင်တဲ့
ရန်ကုန်သား :D
အေးမြသာယာပါစေ

သီဟသစ် said...

ကျွန်တော်တို့တတိယနှစ်တုန်းကသွားခဲ့တာတောင် လွမ်းသွားပြီ ဆက်ရေးပါဗျာ

ခင်မင်စွာဖြင့်
သီဟသစ်

ဝသန်မိုး said...

ကျွန်တော်တောင် ချောင်းသာကို
လွမ်းသွားပြီ အကိုရာ
ဆက်ရေးပါ ဦး
စောင့်ဖတ်နေမယ်ဗျာ

ခင်တဲ့
ဝသန်မိုး

သားကြီး said...

လုပ်ပါဗျ အဲလိုအတွေ့အကြုံလေးတွေ
ဖတ်ရတာ ကောင်းတယ်
နိုင်ငံကြီးသားဆိုတာက နိုင်ငံကြီးမှာပီသမှ
တော်ကာကျမယ်ထင်တယ်နော်
အခုထိlonelyဆိုတာသေချာလို့လား
တလောကပဲ “နံရိုး”ဆိုတဲ့ပိုစ်လေးဖတ်လိုက်ရသေးတယ်
နော်

ရွက်လွင့်ခြင်း said...

ကိုသားကြီးရေ
မင်္ဂလာ မဆောင်ရသေးခင်ထိတော့
lonely ပေါ့နော်း))
ဘရာသားကလည်း
အချင်းချင်း အကြောင်းသိတွေကို
း)

The Queen said...

ကမ်းခြေ မရောက်ဘူးတဲ့ အတွက် အားကျစွာနဲ့ စောင့်ဖတ်ပါ့မယ်။

khin oo may said...

ဆက်ပါ.တစ်ခါတည်း .

တောင်ပေါ်သား said...

အပိုင်းဆက်ကို မျှော်ပါဦးမည်း) အခုမှ အစပဲ ရှိသေးတယ် မျှော်နေမည်


လေးစားလျက်
တောင်ပေါ်သား

နန်းညီ said...

၉၃ မှာ ဆယ်တန်းဖြေပြီးတယ် ဟုတ်လား.. နန်းညီက အဲ့ကျမှ သူငယ်တန်းစတက်တာ..
ဒါမယ့် ခုထိ ချောင်းသာ မရောက်ဖူးသေးဘူးဗျ.. အစ်ကိုတို့နဲ့ပဲလိုက်ခဲ့တော့မယ်.. ဇက်ဆိပ်မှာတင် တစ်မနေဘဲ အမြန်ရောက်အောင် ဆက်သွားဗျာ.. ရောက်ဖူးချင်လှပြီ..

Waing said...

အပိုင်း(၂)ကိုစောင့်မျှော်လျက်...

မြစ်ကျိုးအင်း said...

ကျနော်တော့ ချောင်းသာ မရောက်ဖူးသေးဘူးဗျ
ပင်လယ်ခရီးသွားရတာ အကြိုက်ဆုံး ၀ါသနာပါပဲ
ဖတ်လို့ကောင်းတယ်ဗျ
ကားပိုင်ရှင်သူငယ်ချင်း အိမ်ပေါ်က ဆင်းရတာကို
ဖတ်ရတော့ သနားသွားသလို ပြုံးလည်းပြုံးမိသေးတယ်။
ရော့အင့် ဆိုတဲ့ သဘောတရားကို မသိရင် အဲလိုပဲဗျ
အနောက်ရောက်သွားတတ်တယ်။
ပုသိမ်မြို့ထဲမှာ ကဲကြသေးလား။
ဆက်ရန် ကိုမျှော်နေပါ့မယ်ဗျာ။

jr.lwinoo said...

အမေက မြစ်ဝကျွန်းပေါ်သူဆိုတော့ အဲဘက် ခဏခဏရောက်တယ်။ ချောင်းသာတော့ မရောက်ဖူးဘူး တခါမှ။ တံတားကြီးမပြီးခင်ကတည်းကပေါ့။
Z နဲ့ကူးရတဲ့ အရသာက တအားပျော်ဖို့ကောင်းတယ်။
တံတားပေါ်ကဆို ခဏလေးပဲ မြင်ရတာ။
ကို အင်ဒရူးခရီးက ခုမှ အစပဲရှိသေးတယ်။
စောင့်နေပါတယ်။

မီးမီးချစ် said...

ဇက်ပေါ်ကနေ.. မြစ်ထဲ မျောလာတဲ့ ကျွှတ်ကျွှတ်အိတ်တွေ .. အမှိုက်တွေ .. ကားနောက်က အလုံးအရင်း နဲ့ လိုက်လာတဲ့ .. ဖုန်လုံးကြီးတွေ တောင် သတိရသွားတယ်.. ဟိဟိ

littlebrook said...

အဟား အဲ့လိုကသိကအောက်နဲ့ သွားခဲ့ရတာတွေကကို အမှတ်တရဗျ နောက်ကျ ပြောပြောပီးရယ်ရတာ အဲ့ဖြစ်ရပ်တွေကို အဆင်ပြေပြေရောက်သွားရင် ပြောစရာကို ဘာမှမရှိဘူး ... ပျော်စရာကြီးပါဗျာ

Beauty Studio USA Branded Store said...

အရင်တုန်းက တော့ ချောင်းသားကို ဘော်ဒါတွေနဲ့ သုံးလေးခေါက်ရောက်ဖူးတယ်။အခုတော့ ကမ်းခြေနားနေနေလို့ လားမသိ တောတောင်တွေပဲ လွမ်းနေမိတယ်။