9.10.2009

တစ်ချိန်တုန်းက ချောင်းသာ (၂)

ဒီလိုနဲ့ ပဲ ကျွန်တော်တို့ အဖွဲ့ ဟာ ဇတ်မမှီတော့တဲ့ အတွက် တော်တော်လေးကို စိတ်ညစ်သွားပါတယ်။ ဒါနဲ့  ညအိပ်ဖို့ အတွက် စီစဉ်ကြရတယ်။ ယောက်ျားလေးတွေပဲဆိုတော့ ဘာမှ ဂရုစိုက်စရာမလိုဘူး၊ ကားပေါ်မှာပဲ အိပ်ကြမယ်ပေါ့။

ဒီအချိန်မှာ ကျွန်တော်တို့ အုပ်စု ကံကောင်းချင်တော့ ဇာတ်ဆိပ်နားက ထမင်းဆိုင်တွေထဲ ဆိုင်တစ်ဆိုင်က အသက် ၃၀လောက် ရှိတဲ့လူတစ်ယောက် လာခေါ်ပါတယ်။ သူတို့ ဆိုင်မှာလာအိပ်ဖို့ နဲ့  အိပ်တဲ့အတွက် ပိုက်ဆံမယူဘူး ဆိုတဲ့အကြောင်း လာပြောပါတယ်။ ဒါနဲ့ ပဲ ဆိုင်ရှေ့ မှာ ကားထိုးပြီး ညနေစာကို အဲဒီဆိုင်မှာပဲ အားပေးလိုက်ကြတယ်။

ညရောက်တော့ ကျွန်တော်တို့ လည်း ချောင်းသာမှာ ကဲဖို့ ရည်ရွယ်ပြီးဝယ်လာတဲ့ ဂျော်နီဝါကားပုလင်းကို ဆိုင်မှာပဲ ဖွင့်လိုက်ကြတယ်။ ဆိုင်ရှင်အကိုကြီးကိုလည်း ဖိတ်ခေါ်လိုက်တယ်။ ချက်ချင်းပဲ အဲဒီအကိုကြီးနဲ့  ကျွန်တော်တို့ တွေ ညီအကိုလို ဖြစ်သွားကြတယ်။ (ဂျော်နီလမ်းလျှောက်ရဲ့ စွမ်းအားပေါ့) ပြီးတော့ သူ့ ဆိုင်မှာ ဒီညအဖို့  စိတ်ကြိုက်နေနိုင်ကြောင်း သဘောတွေ ကောင်းပြန်ရော။

ကျွန်တော်တို့ လည်း အဲဒီညကို အချိန်ကုန်မြန်အောင် အပျင်းပြေ ဖဲရိုက်ကြမယ်ဆိုပြီးတော့ အပျော်ကြေး ကစားကြတာပေါ့၊ ဆိုင်ရှင်ကလည်း ကစားခွင့်ပြုတယ် ဘာပြဿနာမှ မရှိဘူးတဲ့။ ဒါနဲ့ ကျွန်တော်တို့ ကစားနေတုန်း အဲဒီဒေသက လူတစ်ယောက်ကလည်း ဘေးမှာလာထိုင်ကြည့်နေတယ်။ နောက်သူက ကြာထိုးပါရစေဆိုပြီးပြောလာရော။

ကျွန်တော်တို့ ကလည်း သူ့ ကို မဆော့ဖို့ ပြောရတာပေါ့၊ အခုဟာ အချင်းချင်း အပျော်ကစားနေတာဖြစ်ကြောင်း နှင့် ကျွန်တော်တို့ ဟာဧည့်သည်တွေဖြစ်ကြောင်း ရှင်းပြရတယ်။ ဒါလည်း သူကလက်မခံပဲ ဆော့ဖို့ သာ တွင်တွင်ပြောနေတော့တယ်။ အဲဒီအချိန်မှာ ဆိုင်ရှင်ဟာ ဘာမပြော ညာမပြောနဲ့  အဒြီလူကို ပိတ်ထိုးတော့တာပဲ၊ နောက် ဆိုင်ထဲက ဓါးရှည်ကြီးထုတ်ပြီး လိုက်တော့တာ ပြေးပါလေရော။ ကျွန်တော်တို့ မှာ သူကို လိုက်ဆွဲရတာနဲ့  အပျော်တွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တော့တာပဲ။ နောက်မှသိရတာ အဲဒီဆိုင်ရှင်က အဲဒီ ဇတ်ဆိပ်က မိုက်ကယ် ဆိုတာပါပဲ။

ကျွန်တော်တို့ လည်း ကြောက်ကြောက်နဲ့  အိပ်သွားကြပြီး နောက်တစ်နေ့  မနက်ရောက်တော့ အဲဒီမိုက်ကယ် ကောင်းမှုနဲ့ ကျွန်တော်တို့ ကားဟာ ပထမဦးဆုံး ဇတ်ပေါ်တက်ခွင့်ရပါတယ်။ နာရီဝက်လောက် ဇတ်နဲ့ ကူးပြီးတော့ ဟိုဘက်ကမ်းကို ရောက်ပါတော့တယ်။ ပြီးတာနဲ့  ကျွန်တော်တို့ ကားလေးဟာ ချောင်းသာကို ဦးတည်းပြီး မောင်းတော့တာပဲ။ အဲဒီလမ်းတစ်လျှောက်ကတော့ ရခိုင်ရိုးမကြောင့်လား ပင်လယ်နဲ့  နီးလို့ လား မသိဘူး စိမ်းစိမ်းစိုစိုနဲ့  သာသာယာယာ ရှိပါတယ်။

ကျွန်တော်တို့  ကားလေးဟာ ချောင်းသာနဲ့ နီးလာတာနဲ့ အမျှ ပင်လယ်ရဲ့ အငွေ့ အသက်တွေကို စတင်ရှူရှိုက်လာရပါတော့တယ်။ အဲဒီမှာ ကျွန်တော် ဘဝမှာ ပထမဦးဆုံး မြင်ဘူးပြီး အကြိုက်ဆုံး ရှူခင်းကတော့ ချောင်းသာနားနီးလာတော့ ဖြတ်ခဲ့ရတဲ့ တံတားတစ်စင်းပေါ်က ရှူခင်းပါပဲ။ တံတားရဲ့ နာမည်က ဥတို တံတားပါ။ လှတာကတော့ တော်တော်လှတာ၊ တံတားအောက်က ရေတွေက အပြာရောင် ရယ် ကမ်းစပ်က အပင်တွေက တစ်ဝက်လောက်က ရေထဲမှာ။ အဲဒါကို ခေါ်တာ ဒီရေတော ဆိုလားပဲ၊ ကျွန်တော်တော့ သေချာမသိပါ။ လူကို ဆွံ့ အသွားစေတဲ့ မြင်ကွင်းပါပဲ။

အဲဒီတုန်းက စစ်တပ်တစ်တပ်က တံတားလုံခြုံရေး ယူထားပြီး ကားရပ်ခွင့် မပေးပါဘူး။ ဒါနဲ့ ပဲ ဓါတ်ပုံ မရိုက်ခဲ့ ရပါဘူး။ ထမင်းစားချိန်လောက်ရောက်တော့ ချောင်းသာကို ရောက်ပါတော့တယ်။ အဲဒီ အချိန်တုန်းက ချောင်းသာမှာ ဟိုတယ်ခရီးကဖွင့်တဲ့ ချောင်းသာဟိုတယ် တစ်ခုပဲ ရှိပါသေးတယ်။ ကျန်တဲ့ ဟိုတယ်တွေက ဆောက်နေတုန်း တန်းလန်းပေါ့။ ဒါနဲ့ ပဲ ဟိုတယ်စုံစမ်းတော့ ဘွတ်ကင်တွေ ပြည့်နေပါတယ်။ ဒါနဲ့  ရွာထဲမှာ တည်းလို့ ရတယ်လို့  ပြောလာပါရော။ ဒါနဲ့  ရွာထဲကို သွားကြည့်တော့ အိမ်တွေက တည်းခိုခန်း လုပ်ထားတာ။

ကျွန်တော်တို့ လည်း စိတ်ပျက်ပြီး ထမင်းအရင်စားမယ်ဆိုပြီး ရွာထဲကဆိုင်မှာ ဗိုက်ဖြည့်ကြရော။ အစားအသောက်တွေကတော့ ဈေးတော်တော်ကြီးတာတွေ့ ရတယ်။ ပင်လယ်စာအစုံ ချက်ထားတာတော့ အတော် ကောင်းတယ်။ ဒါနဲ့ စားပြီးတော့ တည်းဖို့  စုံစမ်းရရော။ ရွာထဲလည်း မတည်းချင်ဘူး၊ ဘာဖြစ်လို့ လည်းဆိုတော့ ရွာနဲ့  ကမ်းခြေက တော်တော်ကို ဝေးတာ။ ထမင်းဆိုင်ရှင် ဆက်သွယ်ပေးမှုကြောင့် ချောင်းသာဟိုတယ်နဲ့  မလှမ်းမကမ်း အခု Golden Triangle ဟိုတယ် နေရာမှာ နှစ်ခန်းတွဲ အဆောင်တစ်ဆောင်ရရော။ Golden Triangle ဟိုတယ်က ဆိုင်းဘုတ် တပ်ထားပြီး မြေနေရာ ယူထားတာ၊ မဆောက်ရသေးဘူး။

အဆောင်ကို တော့ တစ်ခန်းဖွင့်ပေးတယ်၊ တစ်ခန်းက လူတွေက မနက်ဖြန်ရောက်မယ်ဆိုလို့  ပိတ်ထားတယ်။ ဒါနဲ့ ပဲ အထုပ်တွေ အဆောင်ထဲ ရွေ့  ပြီးတာနဲ့  အကုန်လုံး ရေထဲဆင်းပြီး သောင်းကျန်းကြပါလေရော။ အချိန်က နေ့ လည် နှစ်နာရီလောက် ကမ်းခြေမှာ ကျွန်တော်တို့  တစ်ဖွဲ့ ပဲ ရှိတယ်။ ချောင်းသာကမ်းခြေဟာ တော်တော်ကို လှတာ၊ အကျယ်ကြီးနဲ့  သဲတွေက အစ ဖြုဖွေးနေတာပဲ။ ကျွန်တော်တို့  အဆောင်နဲ့  မျက်စောင်းထိုးလောက်ကမ်းခြေမှာ စေတီတစ်ဆူရှိတယ်။ နာမည်တော့ မမှတ်မိတော့ပါ။

နေ့ လည်ကနေ ညနေ စောင်းထိ ကျွန်တော်တို့  တစ်အုပ်လုံး ကမ်းခြေမှာ သောင်းကျန်းနေကြတာ ဦးသြဘာကြီး ခေါ်မှပဲ ထမင်းစားဖို့  သတိရကြတယ်။ ဒါနဲ့ ပဲ ရွာထဲသွား မနက်ကစားခဲ့တဲ့ဆိုင်မှာပဲ ညနေစာ စားကြတယ်။ ပြီးတာနဲ့  ရွာထဲ လမ်းလျှောက် ဟိုသွားဒီသွား၊ နောက် တည်းတဲ့အဆောင်ကို ပြန်လာတော့တယ်။ ညရောက်တော့ ကမ်းစပ်သွား ဂစ်တာတီး သီချင်းဆိုနဲ့  တစ်ည ကုန်လွန်သွားခဲ့ပါတယ်။

နောက်နေ့ ကျတော့ မနက်စာစားပြီးတာနဲ့  ကမ်းစပ်းဆင်းပြီး အုပ်လိုက်အမျိုးမျိုးသောင်းကျန်းကြပါတယ်၊ သင်္ကြန်တွင်းလည်း သင်္ကြန်တွင်းကိုး။ နောက်တော့ ရွာထဲသွား ထမင်းစားကြပါတယ်။ မွန်းလွဲပိုင်းရောက်တော့ အဆောင်ပြန်နားကြတာပေါ့၊ အဲဒီမှာ တစ်ဖက်ခန်းက မိသားစုတစ်စု စူပါရှုဖ် ကားလေးဖြင့် ရောက်လာပါတော့တယ်။ လင်မယားနှစ်ယောက်ရယ် သူတို့ ကလေးနှစ်ယောက်ရယ်ပေါ့။ ကျွန်တော်တို့ လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် စပ်ဖြဲဖြဲနဲ့ ပေါ့။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ ထင်ထားတာ ရွယ်တူကောင်မလေးတွေ ပါမယ် ထင်တာ၊ အဲဒီကြရင် ဘယ်လို ကြောင်ကြမယ်ပေါ့ စိတ်ကူးနဲ့  အုပ်စုလိုက် တိုင်ပင်ထားကြတာ။

ဒီလိုနဲ့ ပဲ ညနေကြ ရေကူး ရွာထဲသွား ထမင်းစား၊ ညဘက် ဂစ်တာတီးနဲ့  နောက်တစ်ည ကုန်သွားပြန်ရော။ နောက်တစ်နေ့  မနက်ရောက်တော့ တစ်ဖက်ခန်းက ယောင်္ကျားဖြစ်သူ အကိုကြီးက လာမိတ်ဆက်ရော၊ သူက ပုသိမ်တပ်မှ ဗိုလ်ကြီးဖြစ်ကြောင်း အခု ခွင့်ခဏရ၍ မိသားစု လာလည်တာဖြစ်ကြောင်း၊ နေ့ လည်စာ စားပြီးရင် ဖိုးကုလားကျွန်းကို သွားမှာဖြစ်ကြောင်း လိုက်လိုက ကျွန်တော်တို့ အဖွဲ့ လိုက်ခဲ့စေချင်းကြောင်း ပြောပါတယ်။ တကယ်တမ်း သူတို့ မိသားစုကြီးပဲဆိုတော့ ပျင်းစရာ ကောင်းနေလို့  ခေါ်ခြင်းဖြစ်ပါတယ်။

ကျွန်တော်နှင့် နောက်တစ်ယောက်ကတော့ မလိုက်ပဲ ကျန်တဲ့ ငါးယောက်က လိုက်သွားပါတယ်။ ဘာကြောင့် မလိုက်လဲဆိုတော့ ကျွန်တော်က ရေမကူးတက်လို့း)။ (စက်လှေနဲ့ သွားရမှာကို) တကယ်တော့ ဖိုးကုလား ကျွန်းဆိုတာ ချောင်းသာကမ်းခြေကနေ စက်လှေစီးရင် ၄၅ မိနစ်လောက်စီးရတယ်၊ ပိုပြီးတော့ လှတယ်၊ ပင်လယ်ထဲ ပို ရောက်တယ်လို့  ပြန်လာတဲ့သူတွေ ပြောမှ သိရပါတယ်။

ပြောဖို့ မေ့နေတာ ကျွန်တော်တို့  အဆောင်ရှေ့ အပင်ခွကြားမှာ လင့်စင်ထိုးထားတယ်။ သိပ်တော့ မမြင့်ဘူး။ နေ့ခင်းဖက်ဆို လေတဖြူးဖြူးနဲ့  အိပ်လို့  တအားကောင်းတာ။ အဲဒီမှာနှပ်ချင်တာလည်းပါတယ်။ ညနေလည်းရောက်ရော ဖိုးကုလားကျွန်းသွားတဲ့ အုပ်စု ပြန်ရောက်လာကြတယ်။ နောက် ညကြရင် လုပ်မယ့် မီးပုံပွဲအတွက်လည်း စီစဉ်ရသေးတယ်။ ဘာဖြစ်လို့ လည်း ဆိုတော့ ရန်ကုန်သင်္ကြန်ကို လွမ်းပြီး အတက်နေ့ တစ်ရက်ကို ရန်ကုန်မှာ ကဲချင်လို့  အစီအစဉ်ပြောင်းလိုက်တာ။ ပြန်ရမယ်လည်းဆိုတော့ ချောင်းသာကမ်းခြေကို လွမ်းသလိုလို ဆွေးသလိုလို ဖြစ်နေပါရော။


(ဆက်ပါဦးမည်)

16 comments:

Nge Naing said...

ရုပ်ရှင်ထဲမှာပဲ တွေ့ရပြီး တခါမှ မရောက်ဖူးတဲ့ ချောင်းသာအကြောင်းကို ကိုယ်တိုင်သွားလည်သူ ရေးထားတာ ဖတ်ရတော့ ကိုယ်ပါသွားရသလိုပဲ ခံစားရပါတယ်။ ဒါပေမယ့် တကယ်ရောက်ဖူးဖို့ကျတော့ ဒီဘ၀မှာ အခွင့်မှ ကြုံပါ့တော့မလားမသိဘူး။

rose of sharon said...

ပျော်စရာကြီးဘဲနော်...

ခရေညို said...

အရင်ကဆက်ပါအုန်းမည်တို့ ဆက်ရန်ရှီသည်သည် တို့ ဘာတို့ပါရင်သိပ်မဖတ်ဖြစ်ဘူး
အခုတော့ ချောင်းသာအကြောင်းရေးထားတော့ စောင့်ဖတ်နေတယ်
ခရေညို ကချောင်းသာကို မရောက်ဘူးဖူး လေ။ ကိုယ်တကယ်ရောက်သွားသလိုပဲခံစားရတယ်
ဆက်ရန်ကိုမျော်နေပါတယ်

နွေးနေခြည် said...

ချောင်းသာကမ်းခြေကို စသိတာ လွင်မိုးနဲ့ နန္ဒာလှိုင်သရုပ်ဆောင်တဲ့ ပင်လယ်ရယ်သံ ကားမှာမှသိတာ..
ကိုးတန်းတုန်းက တခေါက်ပဲရောက်ဖူးတယ်။
အစားအသောက် အရမ်းကောင်းတယ်။ လတ်ဆတ်လို့လားတော့မသိဘူး။
လွမ်းလိုက်တာ..
east coast ပဲသွားတော့မယ်း)

Sonata Cantata said...

ငပလီ၊ ချောင်းသာ၊ စက်စဲ(ကျိုက္ခမီ)၊ မောင်းမကန်၊ မော်တင်စွန်း၊ လက်ခုပ်ကုန်း တခုမှ မရောက်ဖူးသေးပါ။း)

မေဓာဝီ said...

ပင်လယ်ကိုချစ်တယ်၊ ကမ်းခြေမှာပျော်တယ်။ ချောင်းသာကို ခဏခဏသွားဖြစ်တယ်။ အဲဒီလိုပဲ ဇက်တွေအဆင့်ဆင့် ကူးရတဲ့ ခေတ်ကတည်းက .. နောက်ပိုင်း တံတားတွေဆောက်ပြီးတဲ့ အချိန်ထိ။
ဒါပေမဲ့ ချောင်းသာထက် ငွေဆောင်က ပိုလှတယ်။ ကမ်းခြေကပိုရှည်တယ်။ သဲတွေကပိုဖြူတယ်။ ငွေဆောင်နဲ့ ချောင်းသာက သိပ်မဝေးဘူး။ ငွေဆောင်ဖွင့်ပြီးနောက်ပိုင်း ချောင်းသာမသွားဖြစ်သလောက်ပဲ။ ကြုံရင် ငွေဆောင်သွားကြည့်ပါ။ ရွာကချောင်းသာလို မကြီးဘူး။ သိပ်မစည်ဘူး။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေလို့ကောင်းတဲ့ ကမ်းခြေဒေသ တခုပါပဲ။

ရွက်လွင့်ခြင်း said...

မမေဓါဝီရေ ကျေးဇူးပါပဲဗျာ
ကျွန်တော်က ငွေဆောင်ကို မရောက်ဖူးဘူးဗျ
ပြောသံတော့ ကြာတယ်
ချောင်းသာထက် အရမ်းလှတယ်လို့ 
တစ်ခေါက်လောက်တော့ ရောက်အောင် ကြိုးစားပါဦးမည်

သားကြီး said...

မိုက်ကယ်က ဖိုက်တင်လည်းတယ်ကောင်းတာကိုး
မိုက်ကယ်ကျေးဇူးကြောင့်စောစောစီးစီးဇက်
ပေါ်တက်ခွင့်ရတာပေါ့နော်
ခေတ်မီဖွံဖြိုးတိုးတက်တဲ့အမိမြေမှာလည်းဒါမျိုးက အားကိုးရသေးတယ်
တန်းထဲဝင်စီလို့ကတော့ အရင်ပိုစ်လိုပဲ မိုးစုန်းစုန်းချုပ်လိမ့်မယ်ထင်တယ်
အဆောင်ရှေ့အပင်တွေခွကြားမှာ ထိုးထားတဲ့လင့်စင်မှာ ဂျော်နီလမ်းလျှောက်ကြီးနဲ့ ငြိမ့်လိုက်ရရင် မိုက်မယ်ဗျာ :)

Waing said...

မီးပုံပွဲအကြောင်း ထပ်ဆက်ပါဦး........

yangonthar said...

အစ်ကို ရေ စိတ်ဝင်စားဖို့ ကောင်းသလို
ပျော်စရာလည်းကောင်းတယ် ဖတ်လို့ လည်း
ကောင်းတယ်ဗျာ ချောင်းသာရောက်ဖူးတာ နာတယ်ဗျာ သွားဦးမှပဲ ..... :)
ခင်မင်လျှက်
ရန်ကုန်သား
အေးမြသာယာပါစေ

The Queen said...

ဆက်ပါအုံး လေ....

jr.လွင်ဦး said...

ခင်ဗျားဟာကလည်း ရေမကူးတတ်တာနဲ့ ဖိုးကုလားကျွန်းမလိုက်သွားရဘူးရယ်လို့..
တမျိုးရယ်..
း)
နောက်တပိုင်း စောင့်နေပါတယ်ရှင့်..

မီးမီးချစ် said...

ဖိုးကုလားကျွန်းမှာ ဘုန်းကြီးကျောင်းရှိတယ် ...လာသမျှလူ ရေနွေးတိုက်တယ် သစ်သီးစွန့်တယ်.. ကောင်းမှကောင်း ချိုမွှေးနေတာပဲ..ချောင်းသာကပြန်လာတော့ လူလဲ မဲတူးနေတာပဲ ...း))

သီဟသစ် said...

ချောင်းသာကို လွမ်းအောင်လုပ်တဲ့သူကြီး ..
ဒါနဲ့ ဘိုင်သယ်ဝေး နံရိုးလေးနဲ့ရော ဘယ်ကမ်းခြေရောက်ဖူးလဲ အဲဒါကိုပါဆက်ရေးပါ

ခင်မင်စွာဖြင့်
သီဟသစ်

Yu Ya said...

ချောင်းသာ အလွမ်းမပြေလေး ဖတ်သွားပါတယ် ခင်ဗျာ။

yu ya

ဇော် said...

ကျနော်လဲ တစ်ခါမှ မရောက်ဖူးဘူး ချောင်းသာကို ..
အားကျတယ်ဗျာ။ ၁နဲ့၂ကို တစ်ခါတည်း ပေါင်းဖတ်သွားတာနော်။ အဟဲ။ =)