ဒီလိုနဲ့  မီးပုံပွဲအတွက် ပြင်ဆင်ဖို့  ရွာထဲက ထမင်းဆိုင်ကပဲ လူတစ်ယောက် စီစဉ်ပေးတယ်၊ အလကားတော့ မဟုတ်ဘူး။ ပိုက်ဆံ နှစ်ရာပေးရတယ်။ တစ်ရာက မီးပုံဖိုးနဲ့  နောက်တစ်ရာက ငါးကင်ဖိုး၊ ငါးကိုလည်း သေချာလုပ်ပေးထားပြီး အဆင်သင့် ကင်ယုံပဲ။ ညနေမှောင်လည်းလာရော မီးပုံပွဲ လုပ်ပေးမယ့်လူ သူ့ ပစ္စည်းတွေနဲ့  အတူ ရောက်လာတော့တယ်။
ကျွန်တော်တို့ လည်း မီးပုံပွဲ လုပ်မယ့် နေရာပြပြီး တာနဲ့  မီးပုံပွဲနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ အကုန်နေရာချတော့တယ်။ ဘာတွေလည်းဆိုတော့ ဂစ်တာတို့  အဆောင်က ချပေးထားတဲ့ ကြိမ်ကုလားထိုင်တို့  နောက်တော့ ပုလင်းတွေလည်း ပါတာပေါ့ဗျာ။ တစ်ဘက်ခန်းက ဗကတို့  မိသားစုလည်း မနက်ပြန်မှာဆိုတော့ ညဦးပိုင်းထိ ကျွန်တော်တို့ နဲ့  အတူတူပေါ့၊ ညနက်လာတော့ သူတို့ လည်း မိသားစုလိုက် အခန်းပြန်သွားကြတယ်။
ကျွန်တော်တို့ လည်း သောက်လိုက်၊ ငါးကင်စားလိုက် ဂစ်တာတီးလိုက်နဲ့  တော်တော်ကို ညနက်လာတယ်။ ပျော်ဖို့ ကလည်း တော်တော်ကို ကောင်းတယ်။ စိတ်ထဲလည်း ဘာအနှောင်အဖွဲ့ မှ မရှိဘူးဆိုတော့ တော်တော်ကို မြူးနေကြတယ်။ တဖြည်းဖြည်းနဲ့  ည၁၂ နာရီကျော်လောက်လည်းရောက်ရော ကမ်းခြေမှာ ကျွန်တော်တို့  တစ်ဖွဲ့ ပဲ ကျန်တော့တယ်။ ဘယ်သူမှလည်း မအိပ်ချင်သေးဘူး။ သီချင်းတွေဆိုတာလည်း တစ်ချို့ သီချင်းဆို ၃ ခေါက် လေးခေါက် ထပ်ကုန်ပြီ။ မီးပုံက မီးတောက်လည်း တစ်ဖြည်းဖြည်း သေးလာတယ်။
ဒါကို တစ်ယောက်သော သူငယ်ချင်းက ဘာစိတ်ကူးပေါက်တယ်မသိဘူး ကျွန်တော်တို့ ထိုင်နေတဲ့ ကြိမ်ကုလားထိုင်တစ်လုံးကို မီးပုံထဲ ပစ်ထည့်လိုက်ရော။ နောက်မီးတောက်က တဖြည်းဖြည်းကြီးလာရော၊ ကြည့်ရတာ ပျော်ဖို့ ကောင်းလာရော။ အဲဒီမှာ နောက်တစ်ယောက်က နောက်ကုလားထိုင်တစ်လုံးကို မီးပုံထဲ ထည့်ဖို့  လုပ်ပါလေရော။ ကျွန်တော်တို့ လည်း အဲဒီ အချိန်ကျမှ သတိဝင်လာပြီး မနည်းတားယူရတယ်။ အားလုံးလည်း မူးနေကြတာကိုး။
နောက်တော့ အချိန်က တစ်ဖြည်းဖြည်း နှောင်းလာတော့ အိပ်ဖို့  အကုန်လုံးကို လိုက်ပြောရတော့တယ်၊ ဒီအချိန်မှာ ဘယ်သူမှ မအိပ်ချင်ကြဘဲနဲ့  မနက်ဖြန် ပြန်ကြရမယ်ဆိုတဲ့ အသိနဲ့  ဝမ်းနည်းသလို ဆွေးသလို ခံစားနေရတယ်။
နောက်တစ်နေ့  မနက်လည်းရောက်ရော ကျွန်တော်တို့ တွေ မနက်စာစား၊ ပြီးတော့ တစ်ဘက်ခန်းက မိသားစုကိုစောင့် ပြီးတာနဲ့  ကားနှစ်စီးဟာ ချောင်းသာကမ်းခြေကို နှုတ်ဆက်ပြီးတော့ ပုသိမ်မြို့ ကို ဦးတည်းလာပါတော့တယ်။ အဲဒီမိသားစုကို စောင့်ရတာလည်း ပုသိမ်ရောက်ရင် ကားဆီထည့်ဖို့ အတွက်ဖြစ်တယ်၊ ကျွန်တော်တို့ ကလည်း ပုသိမ်မြို့ ထဲမှာ ဘယ်မှာဆီဆိုင်ရှိလည်း သိမှမသိတာ။
ပုသိမ်မြို့ ထဲလည်းရောက်ရော ပုသိမ်ဈေးကြီးနားက လမ်းထဲမှာ ဆီဝယ်လို့ ရတယ်၊ ဒါပေမယ့် အဲဒါကိုခေါ်တာ ချက်ဆီလားမသိဘူး။ မမှတ်မိတော့ပါ။ ပြီးတော့ ဗိုလ်ကြီးတို့ မိသားစုကို နှုတ်ဆက် ကျွန်တော်တို့ လည်း ပုသိမ်မြို့ ထဲ သင်္ကြန်လည်းဦးမယ်ဆိုပြီး ထွက်လာခဲ့တယ်။ အဲဒီအချိန်တုန်းက ပုသိမ်သင်္ကြန် စည်တဲ့နေရာဆိုလို့  ကမ်းနားလမ်း တစ်လျှောက်ပဲရှိတာ ရန်ကုန်က အတိုင်း မဏ္ဍပ်တွေ ထိုးတာတယ်။ ဒါပေမယ့် မြစ်ကို ကျောခိုင်းထားပြီး မြစ်ဘက်တစ်ခြမ်းပဲ တောက်လျှောက် မဏ္ဍပ်ထိုးထားတယ်။
သူ့ ဒေသနဲ့ သူတော့ အတော့်ကို ပျော်စရာကောင်းပါတယ်၊ အဲဒီလမ်းတစ်လျှောက် ရေပက်ခံတဲ့ လူတွေက အုပ်စုလိုက် အုပ်စုလိုက် ကမ်းနားလမ်းတစ်လျှောက် လမ်းလျှောက်ကြတယ်။ မဏ္ဍပ်ပေါ်က ရေပိုက်တွေနဲ့  အောက်ကလူတွေကို ရေပက်ကြတယ်။ ကျွန်တော်တို့  ကားလည်း အဲဒီထဲလည်း ရောက်သွားရော တော်တော်နဲ့ ထွက်လို့ မရတော့ဘူး၊ ဘာဖြစ်လို့ လည်းဆိုတော့ မဏ္ဍပ်တစ်ခုကို ဝင်မိရင် တော်တော်နဲ့ ကားကို ပေးမထွက်တာ။ စိတ်ကြိုက်ကို ပက်တာ။ ရန်ကုန်က မဏ္ဍပ်တွေလို အတင်းမောင်းမထုတ်ဘူး ...း)
ကျွန်တော်တို့ လည်း မဏ္ဍပ်တစ်ခု နှစ်ခု ကျော်လာရော တစ်ဖြည်းဖြည်း လန့် လာတယ်။ လူတွေလည်း ကြွက်စုတ်လို ဖြစ်နေပြီ။ ဒီကြာထဲ ရေကလည်း မြစ်ရေတွေဆိုတော့ နဲနဲငန်တယ်။ ဘယ်လိုမှ ထွက်လို့ မရတော့ နောက်ဆုံးတော့ မထူးတော့ဘူးဆိုပြီး မဏ္ဍပ်တွေဆုံးတဲ့ထိ တဖြည်းဖြည်း လှိမ့်လာခဲ့ရတော့တယ်။ အဲဒီ ပုသိမ် သင်္ကြန်ရဲ့ အကျိုးဆက်က ကျွန်တော်တို့ ကားရဲ့ ဟွန်းက ပုသိမ်မြို့ ပြင်လည်းရောက်ရော အသံမထွက်တော့ဘူး။
ကျွန်တော်တို့ မှာပြင်ဖို့  အချိန်လည်း မရတော့ဘူး၊ ရန်ကုန်ကို ညနေ အမှီ ပြန်ရောက်မှ နောက်နေ့  သင်္ကြန်အတက်နေ့ ကို ရန်ကုန်မှာ ပျော်ရမှာ။ ဒါနဲ့ ပဲ အားလုံးတိုင်ပင်ပြီး ကားကျော်တက်ချင်ပြီဆို တစ်ယောက် တစ်လှည့် ဝီစီထွက်မှုတ်ပေးရတယ်။ ပုံစံကတော့ ရန်ကုန်က စပယ်ယာတွေ ပုံစံပေါ့။ အဲဒီပုံစံအတိုင်း ရန်ကုန်ရောက်တဲ့အထိ ပြန်လာခဲ့ရတယ်။ အပြန်လမ်းမှာ စိတ်ချမ်းသာစရာကတော့ ဘယ်ဇတ်ဆိပ်မှာမှ မစောင့်ရတာပါ။ ဘာဖြစ်လို့ လည်းဆိုတော့ ဘယ်သူမှ အဲဒီအချိန် မပြန်ကြလို့ ပဲ။
အဲလိုနဲ့ ပဲရန်ကုန်ပြန်ရောက်လာတယ်ဆိုပါစို့ ။ ချောင်းသာဇတ်လမ်းက ဒီလောက်ပါပဲ ဒါပေမယ့် နောက်ဆက်တွဲလေးကို အမှတ်တရ အနေနဲ့  တဆက်တည်း ပြောပြချင်ပါသေးတယ်။
ဒီလိုနဲ့  ရန်ကုန်ထဲ ရောက်တယ်ဆိုတာနဲ့  အားလုံးတိုင်ပင်ပြီး အိမ်မပြန်ကြဘူး။ တကယ်လို့  အိမ်ပြန်ရောက်ရင် နောက်နေ့  ပြန်ထွက်လို့  မရမှာရယ် အထူးသဖြင့် ကားပိုင်ရှင်သူငယ်ချင်းက ဘယ်လိုမှ ပြန်လို့ မရလို့ ။ သူ့ ကားနောက်ဖုံးဆိုရင် ဆေးတစက်မှ မရှိတော့ဘူး။ ဒါနဲ့ ပဲ တစ်ယောက်သော သူငယ်ချင်းအိမ်ကို တန်းမောင်းပြီး အဲဒီမှာ နားကြတယ်။ အဲဒီညမှာပဲ တစ်ယောက်က အကြံပြုတယ်။ မနက်ဖြန် လည်ဖို့ အတွက် အခုည အဲဒီ ပတ်ပလေကား အမိုး ဖြုတ်ဖို့ ပဲ။
ကျွန်တော် ပြောပြီးပါကောလား။ ကျွန်တော်တို့  သူငယ်ချင်းအုပ်စုဟာ တစ်ယောက် အဆိုပြုရင် ကျန်တဲ့လူက ထောက်ခံပြီးသားဆိုတာ။ ဒီလိုနဲ့ ပဲ တက်ညီလက်ညီ ညတွင်းချင်း ပတ်ပလေကာအမိုးကို ဖြုတ်လိုက်နိုင်ပါတယ်။ နောက်တစ်နေ့ ကြ သင်္ကြန်နောက်ဆုံးနေ့  ထုံးစံအတိုင်း ထူးမခြားနားစွာနဲ့ ပဲ သင်္ကြန်ကို နှုတ်ဆက်လိုက်ပါတယ်။
ထူးခြားတာကတော့ အတက်နေ့ ညဘက်ရောက်တော့ ပတ်ပလေကာ ကားအမိုးကို ဘယ်လိုမှ ပြန်မတပ်တက် တော့တာပဲ။ လူတွေလည်း အကြံအိုက်ကုန်ပြီ။ ကားပိုင်ရှင်သူငယ်ချင်းဆို မျက်နှာက ဇီးရွက်လောက်ပဲ ကျန်တော့တယ်။ နောက်ဆုံး အားလုံး သဘောတူညီချက်နဲ့  ကားဝပ်ရှော့ကို ပို့ လိုက်တော့တယ်။ အမိုးပြန်တပ်ဖို့ ရယ် နောက်ဖုံးကို ဆေးပြန်မှုတ်ဖို့ ရယ်။ အားလုံးမျှခံပေါ့။
အကျိုးအမြတ်ကတော့ ကားပိုင်ရှင်သူငယ်ချင်းလည်း ဝပ်ရှော့က ပြီးတော့မှ အိမ်ပေါ်ကို ပြန်တက်ရဲတော့တယ်။ ကျွန်တော်တို့ လည်း အိမ်တွေကနေ ပိုက်ဆံထပ်တောင်းရလို့  မိဘတွေရဲ့  ငြိုငြင်ခြင်းကို ခံလိုက်ရတယ်။ ဒါတွေဟာ ငယ်ဘဝ အမှတ်ရစရာလေးတွေပါပဲ။ အခုလိုအချိန်မှာ ဒီလို အပျော်မျိုးကို ငွေနဲ့ ဝယ်လို့ လည်း မရပါဘူး။ အားလုံးသော သူငယ်ချင်းတွေဟာလည်း တကွဲတပြားနဲ့  ဘယ်အချိန် ဘယ်လို ပြန်ဆုံကြမယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။
သူငယ်ချင်းများ အားလုံးဟာ ရည်မှန်းထားတဲ့  ပန်းတိုင်တွေစီသို့  ရွက်လွှင့်လျှက်ပေါ့..................။
16 comments:
ကိုအင်ဒရူးရေးလိုက်မှ ချောင်းသာကို သတိရသွားတယ်။
ကျွန်တော်တို့ သွားတုန်းကတော့ ဘေးခန်းက လူတွေ ကင်စားစရာ မရှိလို့ သောင်ပြင်မှာ ဂဏန်းတွေ လိုက်ဖမ်းတာ (အမှန်တကယ်ကတော့ အဲဒီဂဏန်းတွေက စားရင် ဝမ်းလျှောတယ်။ :D )၊ တီးစရာ ဂစ်တာမရှိလို့ ရွာထဲက ဂစ်တာ အစုတ်ကြီးကို ၁၅၀ နဲ့ ငှားတီးရတာ၊ သောင်ပြင်က ပြေပြေလေးမှတ်လို့ ဘောကွင်းနဲ့ ပင်လယ်ထဲ စီးပြီး ရေထဲ ခုန်ချမှ လူတစ်ရပ်ခွဲ လောက် နက်နေလို့ မနဲပြန်တက်ရတာ (တစ်ယောက်တည်း စီးသွားတာ ကံကောင်းလို့ မသေတယ်။)၊ ငယ်ငယ်တုန်းက အဖြစ်တွေ အားလုံး သတိရသွားတယ်။ :P
ကုလားထိုင်တွေကို မီးရှို့ပြီး ပျော်ရတယ်လို့ အခုမှ တခါကြားဖူးတယ်။ ကြိမ်ကုလားထိုင်ဆိုတော့ ပိုပြီးနှမြောစရာ ကောင်းတာပေါ့။ Andrew တို့ ပျော်ပုံကလည်း တမျိုးပါလား။
ကိုအင်ဒရူး ရေပျော်စရာကြီးနော် တော်သေးတာပေါ့ ကြိမ်ကုလားထိုင် တွေမကုန်ခင် သတိပြန်ဝင်လာကြလို့ နို့မို့ဆိုရင် လျော်ရပြီသာမှတ်
ကိုအင်ဒရူး ရေပျော်စရာကြီးနော် တော်သေးတာပေါ့ ကြိမ်ကုလားထိုင် တွေမကုန်ခင် သတိပြန်ဝင်လာကြလို့ နို့မို့ဆိုရင် လျော်ရပြီသာမှတ်
ဟုတ်ပါတယ်ဗျာ
အဲဒီအချိန်တုန်းက ငယ်တုန်းဆိုတော့ သွေးကြွတဲ့အရွယ်တွေလေ
အခုပြန်စဉ်းစားကြည့်ရင် ရှက်တောင်ရှက်တယ်
Hi..your post remind me my school days, we used to go there. thanks..
အမှတ်တရပေါ့အစ်ကိုရာ ခုနေ ပိုက်ဆံရှိလို့ ကဲ ချင်လို့ အဲလိုသွားလည်တောင် ဟိုးအရင်က တစ် ခေါက်ထက် ပိုပြည့်စုံနေရင်တောင် အဲဒီ အချိန်က လွတ်လပ်ပျော်ရွှင်မှုမျိုး ကို ရမှာ မဟုတ်ပါ ဘူး အရွယ်တွေက လွန်လာပြီ ... ထိန်းချုပ်မှုတွေ များလာပြီလေ ...အမှတ်တရ လေးလည်း ဖြစ် သူ ငယ်ချင်းတွေ နဲ့အတူ ပျော်စရာလေးလဲ ဖြစ်တာပေါ့ ..... ကောင်းမှကောင်း
ကျေးဇူးအစ်ကို
အေးမြသာယာပါစေ
အကိုပြောတာနဲ့
ငယ်ငယ်က သူငယ်ချင်းတွေနဲ့ပျော်ခဲ့တာတွေကို သတိရသွားပြီ
အကိုပြောသလို ဘယ်ချိန် ဘယ်လိုပြန်ဆုံမယ်ဆိုတာ မသိနိုင်တော့ဘူး..
အဲလိုမျိုးပြန်ရဖို့ဆိုတာလဲ မသေချာတော့ဘူး...
း((((
ချောင်းသာခရီးစဉ်ကို လာပြီး အဆုံးသတ်ဖတ်သွားပါတယ်။ ပျော်ဖို့ကောင်းလိုက်တာ။
း)
မရောက်ဖူးဘူး
သွားချင်လိုက်တာ
း(((
ငယ်တုန်းက ဘဝတွေ ဘယ်လိုမှ ပြန်မရနိုင်တော့ဘူးနော်...
မြစ်ရေက ဘာလို့ ငန် တာလဲ၊ ပင်လယ် ရေကမှ ငန်တာ မဟုတ်ဘူးလား?
ကျွန်တော်လည်း နားမလည်ဘူး
ပါးစပ်ထဲ ဝင်တော့ နံလည်းနံ၊ ငန်လည်းငန်ပဲ
အဲဒီမြစ်ကလည်း အိမ်တွေရဲ့ နောက်ဖေးဘက်မှာ
စဉ်းတော့ စဉ်းစားစရာပဲ
း))
မူးမူးနဲ့ပစ်ချလိုက်တဲ့ကြိမ်ကုလားထိုင်တွေ
နှမြောစရာကြီးဗျာ
မြစ်ရေငံငံနဲ့ ဝိုင်းပက်ကြတာတော်တော်တော့
အရသာရှိမယ့်ပုံပဲ ဟီးး
ပျော်စရာကြီးဗျာ
ဟူး..တော်သေးတယ် ချောင်းသာဇာတ်လမ်းလေး ပြီးသွားပြီ ပျော်စရာကောင်းတဲ့ ခရီးစဉ်လေးပဲနော် ၀ိုင်းလည်း ရန်ကုန်ပြန်တဲ့တစ်နေ့ တခေါက်တော့ ရောက်ဖူးချင်သေး...
ခင်လျက်
ဝိုင်း
လူငယ်ဘဝမှာ လုပ်ချင်တာတွေ လုပ်ခဲ့ရတာက အရသာဘဲနော်
Post a Comment