7.05.2009

အောက်မေ့ဖွယ် တစ်ချိန်က

ဒီနေ့ မနက် အလုပ် ပိတ်တာနဲ့ ၈နာရီခွဲမှ အိပ်ယာက နိုးလာတယ်။ ဒါနဲ့  နိုးနိုးချင်း မျက်နှာမသစ်သေးဘဲ ဧည့်ခန်းမှာရှိတဲ့ သတင်းစာ အဟောင်းတွေက်ု ဟိုလှန်ဒီလှန် လျှောက်ဖတ်တာ သတင်းတစ်ခု သွားတွေ့ တယ်။ ဘာလဲဆိုတော့ စင်ကာပူက အိမ်ရှင်အဖြစ် ကြီးမှူးကျင်းပတဲ့ အာရှလူငယ် အိုလံပစ် ပွဲအကြောင်း ဖြစ်ပြီး အဲဒီမှာ ပါဝင်တဲ့ မြန်မာလူငယ်ဘောလုံးအသင်းရဲ့ အုပ်စုပွဲ အဖြေဖြစ်ပါတယ်။

လူငယ်အိုလံပစ် ဖြစ်တာနဲ့ အညီ အသက် ၁၄နှစ်အောက် ဖြစ်ပြီး အလွန်ဆုံးရှိလှ အလယ်တန်းအဆင့် ကလေးတွေ ဖြစ်ပါတယ်။ မြန်မာလူငယ်အသင်းရဲ့ အုပ်စုပွဲစဉ် အကုန်လုံးကို တီးမားဆက် ပိုလီကျောင်းကွင်းမှာ ကျင်းပတာပါ။ ပွဲအဖြေကတော့ အားလုံးသိတဲ့ အတိုင်း ပထမဦိးဆုံး မြန်မာနဲ့ တရုတ်(၃း၇)၊ မြန်မာနဲ့  ကိုရီးယား (၁း၅) ရှုံးတာပါ။ နောက်ဆုံးပွဲ ပါကစ္စတန် နဲ့  (၁း၁) သရေကျပါတယ်။ ပွဲတွေကို ကျွန်တော်မကြည့်ရပါဘူး။

အဲဒီပွဲအဖြေတွေကြည့်ပြီး ကျွန်တော်တို့  အလယ်တန်းကျောင်းသားဘဝ ၁၉၉၀ လောက်က ကျွန်တော်တို့  ကျောင်းမှာ ကျင်းပတဲ့ ကျောင်းဘောလုံးပွဲကို အမှတ်ရစေပါတယ်။ ကျွန်တော်တို့ ကျောင်းအကြောင်း အရင် ရှင်းပြဦးမှာပါ။ ကျွန်တော်တို့ ကျောင်းက အ.ထ.က(၃) တာမွေ ဖြစ်ပြီး ကျောင်းရဲ့ ဘေးမှာ ကျိုက္ကဆံကွင်းကြီး ရှိပါတယ်။

ကျွန်တော်တို့  ၈တန်းနှစ်မှာ ဒီဘောလုံးပွဲ ဖြစ်ပေါ်လာပါတယ်။ တစ်ပတ် တစ်ရက် နောက်ဆုံးချိန် သုံးချိန်ကို အားကစားအချိန် အဖြစ် သတ်မှတ်ပါတယ်။ ကျွန်တော်တို့ ရဲ့ ပီတီဆရာက ကျွန်တော်တို့  ၈တန်းတွေကို ဘောလုံးကန်ဖို့  လိုက်ပြောပါလေရော။ မိန်းကလေးတွေက အဲဒီအချိန်မှာ ခေတ်စားနေတဲ့ အေရိုးဗစ်လေ့ကျင့်ခန်း လုပ်ရမှာ ဖြစ်တယ်။ ကျန်တဲ့အခန်းတွေ ပြဿနာမရှိပေမယ့် ကျွန်တော်တို့ အခန်းက ပြဿနာရှိပါလေရော။

ကျွန်တော်တို့ ကျောင်း ရဲ့စနစ်ကို အနည်းငယ် ရှင်းပြပါရစေ။ နှစ်တိုင်း အတန်းတင်စာမေးပွဲရဲ့ အမှတ်ပေါင်းကိုကြည့်ပြီး အတန်းခွဲပါတယ်။ ကျွန်တော်တို့  အခန်းက ၈ တန်း အေ ပါ (ကြုံတုန်းကြွှားတာပါ...........P)။ ဆိုတော့သိတဲ့အတိုင်း ယောက်ျားလေး အားလုံးပေါင်းမှ ၁၂ယောက်ပဲ ရှိပြီး တစ်ယောက်က စောစောစီးစီးကို ငြင်းထားတာပါ၊ ဘယ်လိုမှ ကန်လို့ မရတဲ့ အခြေအနေ၊ ရောဂါသည်။ ကျန်တဲ့ ၂၈ယောက်က မိန်းကလေးတွေဖြစ်ပြီး ကျွန်တော်တို့ ရဲ့အသင်းကို လုံးဝကို မမျှော်လင့်တာပါ။ နောက်တစ်ချက်က ဒီယောက်ျားလေး ၁၂ယောက်ထဲက ၃ပုံ ၂ပုံက စာဂျပိုးတွေကြီးပဲ။ ကျွန်တော်လား.....ဟိုစပ်စပ် ဒီစပ်စပ်ပေါ့။

ဒီလိုနဲ့  အုပ်စုတွေခွဲတော့ ကျွန်တော်တို့  အေ အခန်းရယ်၊ အီး အခန်းရယ်၊ အိုင် အခန်းရယ် တစ်အုပ်စုထဲ ကျပါလေရော။ အိုင် အခန်းဆိုတာ နောက်ဆုံးခန်းဖြစ်ပြီး နှစ်ကျတွေချည်းပဲ စုထားတဲ့ အခန်းပေါ့။ လူကောင်ချင်း ဘယ်လိုမှ ယှဉ်လို့  မရတဲ့ အနေအထား...။
ဒီလိုနဲ့  ကန်မယ့်နေ့ ရောက်လာတော့ ပထမဆုံးနေ့ မှာ ကျွန်တော်တို့  အေ နဲ့  အိုင် စကန်ရမယ့်နေ့ ။ တစ်ကျောင်းလုံးလည်း စိတ်ဝင်စားစွာနဲ့  ပွဲအဖြေကို နားစွင့်နေကြတယ်။ ကျန်တဲ့အခန်းတွေက စာဆက်သင်နေတယ်။ မိန်းကလေးတွေကတော့ အားကစားခန်းမထဲမှာ ပီတီ ဆရာမနဲ့  ကျန်ခဲ့တယ်။

ဒီလိုနဲ့  ကွင်းထဲမှာ စကန်တော့ ပထမပိုင်း ၁၀ မိနစ်မှာ ၃ဂိုး အသွင်းခံထားရတယ်။ ဒီလိုနဲ့  ဆက်ဆော့တာ ပွဲပြီးကာနီးတော့ အိုင် ခန်းက သူတို့ အချင်းချင်းနောက်ပြီး သူတို့ ဂိုး သူတို့ ပြန်သွင်းတာ ၂ ဂိုး....။ ပွဲပြီးတော့ တစ်ကျောင်းလုံး အံ့သြ နေတာ ကျွန်တော်တို့  အေ ခန်းက အိုင်ခန်း နဲ့ ကန်တာ ၃ ဂိုး ၂ ဂိုး ဆိုပြီး တကျောင်းလုံး ပြန့် သွားရော။ ကျွန်တော်တို့ လည်း ရှက်ရှက်နဲ့  ဘာမှမပြောဘဲ ဒီအတိုင်းထားလိုက်တယ်။

ဒီလိုနဲ့  နောက်တစ်ပွဲ အီး အခန်း နဲ့  ကန် ရ တဲ့အခါ အီး ခန်းက ကျွန်တော်တို့ ကို ရှိန်ပြီး သေချာကို ကန်တော့ ပါရော။ ပွဲပြီးတော့ အဖြေက ၁၃ ဂိုး ဂိုးမရှိ။ ဂိုးသမားပြောင်းပြောင်းပြီး စောင့်တာ ရှိသမျှ ၁၁ ယောက် ကုန်သွားရော။ ကျွန်တော်တို့  အခန်းလည်း နာမည်ကို တော်တော် ကြီးသွားတယ်။ ကျွန်တော်တို့ အခန်းက မိန်းကလေးတွေဆို ပွစိပွစိကို ဖြစ်ကုန်ရော။ကျွန်တော် ဘဝမှာလည်း ဒီဘောလုံးပွဲလေးဟာ တစ်သက် မမေ့နိုင်ဖြစ်ရော။

အခု ဒီအိုလံပစ် လူငယ် ဘောလုံးပွဲလည်း တရုတ်နဲ့  ပထမပွဲ မှာ ဆွေမျိုးပေါက်ဖော် ဖြစ်လို့  ဂိုးပြန်သွင်းနိုင်ပြီး ဒုတိယ ကိုရီးယား နဲ့ ပွဲက အပြတ်အသတ်ကို ရှုံးတော့တာပါပဲလို့  ကျွန်တော်ထင်ပြီး တစ်ချိန်တုန်းက ကျောင်းက သူငယ်ချင်းတွေကိုလည်း ပြန်ယောင် အောက်မေ့မိပါတယ်။
ဒီလို ငယ်ဘဝဆိုတာလည်း ပြန်ယူလို့ မှ မရတော့တာ၊ အဲဒီအတွက် ကျောင်းတုန်းက သူငယ်ချင်းတွေကို အောက်မေ့သတိရပြီး ကျွန်တော့်ဘလောဂ်ပေါ်မှာ မှတ်တမ်းတင်လိုက်ပါတယ်။

ငယ်သူငယ်ချင်းများ အားလုံ့းကို သတိရလျက်...........................

7 comments:

မေဇင် said...

တော်တယ်နော်...း) ..။ ရီရတယ်...ဂိုးကို ရှိသမျှလူလဲ စောင့်တယ်ဆိုထဲက... အခြေအနေက တော်တော်လေးကို ကောင်းနေပြီပဲ...။ အားလုံး လူတော်တွေ ကြီးပဲ...ခိခိ..။

ရွက်လွင့်ခြင်း said...

ဟုတ်တယ် မမေဇင် ကျွန်တော် လည်းပြန်တွေးကြည့်ရင် ရယ်ချင်တယ်

Phyo Maw said...

တန်းကို မြင်ယောင်မိပါကော အကိုရေ :D
မြန်မာဘောလုံးပွဲတွေ လွတ်တာတော့ ကြာခဲ့ပြီ
ရန်ကုန်မှာသာရှိရင် တီဗီရှေ့မှာ ဆူညံဆူညံ မိသားစုနဲ့ ကြည့်ဖြစ်ဦးမယ် ထင်တာပါပဲ။

ရွက်လွင့်ခြင်း said...

ဟုတ်ပ ကိုဖြိုးမော်ရေ
ကျွန်တော်တို့ ဒီမှာ ပိုက်ဆံရတာပဲ ရှိပြီး တော်တော်များများ ပေးဆပ်ထားရပါတယ်

မြစ်ကျိုးအင်း said...

၁၃ ဂိုးဆိုတော့ ၁၁ ယောက်ဘယ်လိုခွဲယူကြတုန်း :)
အရေးအသားလေး ကောင်းတယ်ဗျ ပေါ့ပေါ့ပါးပါးနဲ့
ဖတ်ရတာ ပြုံးပျော်စရာပါပဲ..အားပေးနေပါတယ်။။
...ခင်မင်သောအားဖြင့်...

နွေးနေခြည် said...

ဟာ... စီနီယာကြီးပဲ...း) တွေ့ရတာ ၀မ်းသာလိုက်တာ..
နေခြည်လည်း တာမွေ(၃) ကျောင်းထွက်ပဲ... သူငယ်တန်းကနေ ၁၀ တန်းထိ တာမွေ ၃ မှာပဲ။
၁၉၉၀ ဆိုရင် နေခြည် သူငယ်တန်းပဲရှိသေးတယ်။ ကျောင်းသေးလေးမှာလေ... သိတယ်မလားး)

ရွက်လွင့်ခြင်း said...

သိပါတယ်
အကို ပြန်မရောက်တာ နှစ်တော်တော်ကြာပြီ