7.16.2009

ကျွန်တော်နှင့် အက္ခရာများ



"မင်းတို့  အကုန်လုံး မြန်မာလူမျိုးတွေ ဖြစ်ပြီး မြန်မာစာကို ခုချိန်ထိ သေချာကို မမှတ်မိသေးတာ ဆရာ အံ့သြတယ်၊ အလယ်တန်းအဆင့်ကို ဘယ်လိုရောက်လာသလဲ"

အထက်ပါ စကားစုတို့ မှာ ကျွန်တော် အလယ်တန်းစရောက်သောနေ့ တွင် ကျွန်တော်တို့  အတန်းပိုင် ဆရာလည်းဖြစ်၊ မြန်မာစာဆရာလည်းဖြစ်သော ဆရာ ဦးခင်မောင်သန်းမှ ကျွန်တော်တို့ အား ပြောဆိုနေခြင်းဖြစ်သည်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ ငါးတန်းစတက်သောနေ့ တွင် အတန်းပိုင်ဆရာက မြန်မာစာ ဆရာဖြစ်ပြီး ပထမဦးဆုံးနေ့ တွင် ကျွန်တော်တို့  တစ်တန်းလုံးအား မြန်မာအက္ခရာ ဗျည်း ၃၃လုံးအား တစ်တန်းလုံး စာအုပ်တွင် ရေးခိုင်းပြီး စားပွဲပေါ်လာတင်ရန် ဖြစ်သည်။

ကျွန်တော်တို့ အားလုံး အလယ်တန်းအဆင့် ရောက်ပြီဖြစ်၍ သူငယ်တန်းတွင် သင်ခဲ့သောစာကို ဆရာဘာကြောင့် ရေးခိုင်းသလဲဟု အံ့သြနေကြသည်။ ပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ဖြင့် စာအုပ်၏ ပထမဆုံး စာမျက်နှာတွင် ချရေးကြသည်။ ပြီးတော့ ဆရာ့စားပွဲတွင် စာအုပ်ထပ်ထားကြသည်။ တစ်တန်းလုံးပြီး၍ ဆရာစစ်သောအခါ အားလုံးမှန်သူ လက်ငါးချောင်းမပြည့်၊ ကျွန်တော်လား မှားတဲ့ထဲမှာ ပါတာပေါ့ဗျာ။

အများဆုံးမှားတာကတော့ တတလင်းချိတ်၊ ထဝမ်းဘဲ နှင့် တရင်ကောက် တို့ ဖြစ်ကြပါတယ်။ ကျွန်တော်လည်း အဲဒီ သုံးလုံးပဲ မှားတာခင်ဗျ။ အဲဒီမှာတင် ဆရာက ကျွန်တော်တို့ အားလုံး ဒီစာလုံး သုံးလုံးကို တစ်သက်မမေ့အောင် ကျောက်သင်ပုန်းပေါ်မှာ ပုံဆွဲပြီး ပုံပြင်လေးနဲ့  ရှင်းပြတာ ကျွန်တော်တို့ မှာ သဘောကျလို့  မဆုံး၊ တစ်သက်လုံးလည်း မမေ့တော့ပါ ခင်ဗျာ။

ဘလော့ဖတ်သူအားလုံး သိပြီးသားဆိုရင်လည်း တောင်းပန်ပါတယ်၊ ကျွန်တော့် အတွေ့ အကြုံလေးကို ဝေမျှချင်လို့ ပဲ သတ်မှတ်လိုက်ပါ။

ပုံပြင်ကတော့ ဒီလိုပါ...........။

တစ်ခါက ညီအကို သုံးယောက်ဟာ ခရီးထွက်လာရင်း တောလမ်းလေးတစ်ခု အဖြတ်မှာ ကြီးစဉ်ငယ်လိုက် အကိုကြီးက ရှေ့ က ဦးဆောင်ပြီးဖြတ်တယ်။ အဲဒီလို ဖြတ်လာရင်း အငယ်ဆုံးကောင်က အလတ်ကောင်ကို လှမ်းစပါလေရော။ အဲဒီပုံကတော့ အောက်ကပုံပါ



သူပုံက ရှေ့ ကို လျှောက်နေရင်းနဲ့  ခြေထောက်နဲ့  အလတ်ကောင်ကို လှမ်းတို့ တဲ့ပုံပါပဲ။
ဒါကို အလတ်ကောင်က အားကျမခံ ရှေ့ ကို လျှောက်နေရင်းနဲ့  နောက်က အငယ်ကို ခြေထောက်နဲ့ ပြန်တို့ တယ်။ ပုံကိုကြည့်ပါ.....။



ဒါကို ရှေ့ ကသွားနေတဲ့ အကိုကြီးက ကြားတော့ မင်းတို့ တွေ လမ်းလျှောက်းရင်း ဆော့မနေနဲ့ ကွ လို့  နောက်ကိုလှည့်ပြီး ငေါက်ပါလေရော။ ပုံက အောက်မှာပါ....



စာဖတ်သူ မမြင်သေးရင် ညီအကို သုံးယောက်ပုံကို တန်းစီပြီး ကြည့်ရင် ဒီလိုပုံပါ....

ဋ ဌ ဍ

ဆရာလည်း အဲသလို သင်ပြီးရော တစ်တန်းလုံး ရယ်လို့  မဆုံးတော့ဘူး။ ကျွန်တော်လည်း ခုချိန်ထိ မမှားတော့ဘူး။ တစ်သက်လုံးကို စွဲသွားပါလေရော။ စာဖတ်သူ အားလုံးလည်း အမှတ်တရ ရှိစေရန်၊ ဆရာကိုလည်း အဝေးတစ်နေရာကနေ ဂုဏ်ပြုရာရောက်စေရန် ရည်ရွယ်၍ ဤပိုစ့်လေး ရေးသားလိုက်ရပါတယ်။

18 comments:

မေဇင် said...

ဟယ် ဟုတ်ပါရဲ့

ကျေးဇူးတင်ပါတယ်...နောင့် လဲ မှားတာမမှား တာ မပြောနဲ့ တစ်ခါတစ်လေ မရေးတတ်လို့....ခုတော့ မေ့တော့မှာ မဟုတ်ဘူး..။

Sonata Cantata said...

ဆရာ့နည်းကို မှတ်သားသွားပါတယ်။
တ တလင်းချိတ် က ချိတ်လေးလို အကောက်လေးပါတယ်။
ထ ၀မ်းဘဲကတော့ ၀မ်းဘဲလေး ရေထဲကူးနေသလိုမျိုး
ဒ ရင်ကောက်ကတော့ ဒဒွေးလေး ရင်ဘတ်ကောက်သွားတာလို့...
သင်တန်းမှာ လုပ်အားပေးတော့မှ ရှေ့က ဆရာမတွေ သင်သွားပုံကို အတုခိုးပြီး သင်နေပါတယ်။

စန္ဒကူး said...

ဟုတ်တယ်.ဟုတ်တယ်. အလယ်တန်းလောက်တုန်းက ခဏခဏမှားလို့ ကျွန်မတို့ဆရာမ အဲဒီပုံကိုပြောပြ ပီးသင်ပေးခဲ့ဖူးတယ်..နောက်ဘယ်တော့မှမမှားတော့ဘူး..း)

သားကြီး said...

ဒီလိုထူးထူးဆန်းဆန်းပမာပေးလေးနဲ့နောင်မမေ့
အောင်သင်ပေးတတ်တဲ့ဆရာကိုတော့ အရမ်းလေးစားသွားမိတယ်
ပြောမယ့်သာပြောရတာ ကျနော်တောင်ခုထိအဲဒီစာလုံးတွေကိုမှားတုန်းရယ်
ဒီပိုစ်လေးဖတ်ပြီးနောက်မေ့မှာမဟုတ်တော့ပါဘူး
အကျိုးရှိတဲ့ပိုစ်လေးပါ
မြန်မာလူမျိုးဖြစ်ပြီးမြန်မာစာကိုဒီချိန်ထိအမှားမှားအယွင်းယွင်း
ဖြစ်နေတာတော့ ဘာပဲဖြစ်ဖြစ် ရှက်တယ်ဗျ :P

နွေးနေခြည် said...

ပုံပြင်လေးလည်းကြိုက်တယ် မှတ်လို့လည်းလွယ်တယ်။
၃၃ လုံးကို အဲလို ပုံပြင်ရှိရင်ကောင်းမယ်နော် ...

မေဓာဝီ said...

ဟုတ်တယ် ... ။ ဘွဲ့ရပြီးသူတချို့ကို ဗျည်း ၃၃ လုံး ရေးခိုင်းရင်တောင် အဲဒီစာလုံးတွေ မှားတတ်ကြတယ်။
ဖတ်ခိုင်းရင်လဲ အသံထွက်တွေ မှားတတ်ကြတာပဲ။

ဆရာပြောသလိုပဲ မြန်မာလူမျိုးတွေ ဖြစ်ပြီး မြန်မာစာရဲ့ အခြေခံအကျဆုံး ဗျည်း ၃၃ လုံးကို တောင် သေချာ မရေးတတ် မဖတ်တတ်တာ သိပ်တော့ မကောင်းဘူးပေါ့လေ။

အဲဒါနဲ့ပတ်သက်ပြီး တခါတုန်းက ကျမဘလော့မှာ ရေးခဲ့ဖူးတယ်။
http://maydar-wii.blogspot.com/2007/05/blog-post_03.html အဲဒီလင့်ခ်မှာပါ။

puluque said...

အခုတော့ မှတ်ထားလိုက်ပီဗျာ နောင်မမေ့လောက်တော့ပါဘူး

ကြည်ဖြူပိုင် said...

မှတ်သားစရာပါပဲ။ တကယ်ကိုမှတ်သားသွားပါတယ်။ အတော်ပဲ အတော်ပဲ။ ကလေးတွေကိုစာသင်ရင်အဲဒိနေရာကျ အသင်ရခက်တယ်။ မနည်းသင်ရတာ။ ဒီတော့ ဆရာပြောတဲ့ပုံပြင်လေးသုံးလိုက်မယ်။ ကျေးဂျူး

ရွက်လွင့်ခြင်း said...

ကွန်မန့် ပေးသူအားလုံးကို ကျွန်တော်တောင်းပန်ချင်ပါတယ်။
ကျွန်တော်ဟာ ဆရာတစ်ယောက် မဟုတ်ပါ၊ ကျွန်တော်ရဲ့ ဆရာကို ဒီပိုစ့်လေးရေးပြီး ဂုဏ်ပြုတာပါ၊
ဒါကြောင့် ကျွန်တော်ကို ဆရာလို့ မခေါ်ပါနဲ့ လို့  တောင်းပန်ချင်ပါတယ်

ဘလော့ဂါအားလုံးကို လေးစားလျှက်

Nge Naing said...

သူငယ်တန်းတုန်းက ကျောက်သင်ပုန်းမှာ နှစ်ကြောင်းညှပ်မျဉ်းထဲမှာ ကကြီး ခခွေး တပုဒ်လုံးကို အကြိမ်ကြိမ် အလွတ်ရေးဖူးလို့ လက်ရေးနဲ့ဆိုရင်တော့ မြန်မာစာ ဗြီး ၃၃ လုံးစလုံးကို တသက်စာ ဘယ်တော့မှ မေ့စရာ အကြောင်းမရှိဘူး။ ဒါပေမယ့် ဒီလို သုံးနည်းတဲ့ စာလုံးတွေကို ကွန်ပြူတာ ကီးဘုတ်မှာ အကြိမ်ကြိမ် ရိုက်လည်း တခါလိုရင် တခါ အမြဲပြန်ရှာရတယ်။ ကီးဘုတ်ထဲက ဒီစာလုံးတွေကို အခုလို မှတ်မိလွယ်အောင် လုပ်ထားနိုင်ရင်ကောင်းမယ်။

ခြေလှမ်းသစ် said...

ဆရာကိုလဲ ဂုဏ်ပြုရင်း တင်ပြပေးတဲ့အတွက် လေးစား ရပါတယ် ဒီတက်ခ်နစ်က တကယ်ကို မှတ်မှိလွယ်ပါတယ်ဗျာ..
ကိုဇော်

မင်းအိမ်ဖြူ said...

ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာ

ကျွန်တော် စာလုံးပေါင်းကို အမြဲ လျစ်လျူရှူတယ်ဗျ

မကောင်းဘူးဆိုတာသိပေမယ့် အဲဒါအကျင့်လို ဖြစ်နေတယ်

ကြိုးစားကြည့်ပါအုံးမယ်ဗျာ

လေးစားစွာဖြင့်
မင်းအိမ်ဖြူ

mabaydar said...

မရှင်းလို့မေးမယ်နော်... ကြီးစဉ်ငယ်လိုက်လျှောက်နေတာဆိုရင် အကိုကြီးက ရှေ့ဆုံးကဖြစ်ရမှာပေါ့... ဒီပိုစ့်ကိုဖတ်ပြီး ကျမနားလည်သလောက် တ တလင်းချိတ်က အငယ်ဆုံး.. ထ၀င်ဘဲက အလတ်... ဒရင်ကောက်က အကြီးဆုံးဟုတ်လား? ဒါဆို ငယ်စဉ်ကြီးလိုက် လျှောက်နေကြတာလား... မရှင်းလို့နော်.. မရှင်းတော့ မမှတ်မိဘူး... ကိုယ်ပဲ ဥာဏ်တိန်နေလို့ သဘောမပေါက်နိုင်တာလားမသိဘူး... စိတ်မရှိပါနဲ့နော်...

mabaydar said...

၂ခေါက်ဖတ်လိုက်တော့ သဘောပေါက်သွားပြီ... ကြီးစဉ်ငယ်လိုက်ဆိုတာ နောက်က Direction အတိုင်း ရေထားတာကိုး... ကျေးဇူး... ခုလိုနားလည်မှပဲ မှတ်မိတော့တယ်... အဟီး...

ရွှန်းမီ said...

အရေးအသား စာလုံးပေါင်းကို သိပ်ဂရုစိုက်တတ်တာ ငယ်ကျင့်လိုဖြစ်နေတာပါပဲ.. ဒါပေမယ့် မှားတတ်ပါသေးတယ်.. ကိုယ့်အမှားကိုယ်ပြန်တွေ့ရင်လည်း စိတ်ထဲမှာ ကသိကအောင်ဖြစ်မိတုန်းပါပဲ..
ဆရာမကတော့ စာလုံးပေါင်းမမှားချင်ရင် တစ်နည်းပဲရှိတယ်။ “မမှားအောင်ရေးပါ” လို့ ဆုံးမခဲ့ပါတယ်..

မျက်မှန်လေး said...

မှတ်သားလောက်ပါတယ်ဟေ
မှတ်သားလောက်ပါတယ်ခင်ဗျ

Anonymous said...

ကျွန်မတို့ဆရာကတော့ဒီလိုသင်ဘူးတယ်
င င ၁ လှေခါးထစ်နှစ်ခုကြား၂ဆိုပြီးတော့လေ

အင်းစိန်သူ

သုခုမလေဒီ said...

ဟဟ ဟုတ်တယ်နော်။ ဒီဆရာ အတော်ညာဏ်သွား တယ်။ မှတ်ရလွယ်သွားတာပေါ့။ thank u