7.23.2009

ကျား / မ

သီတာ

သူမ ကိုးတန်းနှစ်တွင် သူမအဖေ လေဖြတ်သွားသည်။ သူမတို့ မိသားစုတွင် သီတာက အကြီးဆုံး၊ အောက်တွင် မောင်ငယ်နှစ်ယောက်။


အမေကတော့ အိမ်ထောင့်တာဝန်ကို တစ်သက်လုံးထိန်းသိမ်းလာတဲ့သူ၊ ယောက်ျားလုပ်သူ ရုံစာရေးလစာနဲ့  ခြိုးခြံချွေတာ နေလာပြီး အခုအချိန်မှာတော့ ဘာလုပ်လို့  ဘာကိုင်ရမှန်း မသိ။ ဒါကြောင့် သီတာ ကျောင်းထွက်ပြီး အိမ်ရဲ့ မီးဖိုချောင်စရိတ်ကို တစ်ဖက်တစ်လမ်းက ဖြည့်တင်းပေးရသည်။

ကျောင်းထွက်ပြီး ပထမ သကြားလုံးစက်ရုံမှာ အလုပ်ရသည်၊ နောက် အထည်ချုပ် စက်ရုံ ဒီလိုနဲ့  ငါးနှစ်ခန့်  လုပ်ခဲ့ရတယ်။ ဒီလိုနဲ့ ဘဲ တိုးတက်လာတဲ့ ကုန်ဈေးနှုန်းနဲ့  အတူ သူမတို့  မိသားစု ဘယ်လိုမှ မရပ်တည်နိုင်ခဲ့၊ အဲဒီအချိန် ရပ်ကွက်ထဲမှ အန်တီဝင်းက မလေးရှားမှ ပြန်ရောက်တော့ သူမ မလေးရှားသွားဖို့ ဆုံးဖြတ်ချက်ချပြီး အန်တီဝင်းနှင့် လိုက်လာခဲ့သည်။

အန်တီဝင်း၏ အပြောကောင်းမှု၊ မိဘနှစ်ပါး၏ အန်တီဝင်းအပေါ် ယုံကြည်မှုတို့ ဖြင့် သူမ အန်တီဝင်းတို့ နှင့် မလေးရှားသို့  အောက်လမ်းဖြင့် လိုက်လာခဲ့သည်။ သူမအဖေ ဝန်ထမ်း ဘဝဖြင့် ရှာဖွေထားသော အိမ်ကလေး၏ ဂရန်မှာ သူမ၏ လမ်းစာရိတ်အဖြစ်ဖြင့် ပြောင်းလဲသွားသည်။

စစချင်း ဆောက်နှင့်ထွင်း ဆိုသည့်အတိုင်း ကော့သောင်းတွင် လမ်းကြောင်းမရှင်းဟုဆိုကာ ၄၅ ရက် သောင်တင်နေသည်။ ဒါပေမယ့် ဒီလမ်းခရီးတွင် အန်တီဝင်းလည်း ပါတဲ့အတွက် သူမ စိတ်မပူမိ၊ အန်တီဝင်းသွားလိုက် လာလိုက် လုပ်နေသည်မှာ လေးငါး ခေါက်ပင်ရှိသည်။ စိတ်ပူသည်ကား သူမအိမ်၏


တရပ်ရိပ်တက်လာသော အတိုးနှုန်းများကြောင့် စဉ်းစားတိုင်း မွန်းကျပ်လာသည်။ အရာရာအားလုံး သူမပေါ် တည်မှီနေသည်။

xxxxxxxxxxxxxxxx xxxxxxxxxxxxxxxxxxx xxxxxxxxxxxxxxxx xxxxxxxxxxxx

အောင်မိုး (ခ) မိုးကြီး

သူ မလေးရှားကို အောက်လမ်းက ရောက်လာတာ ခုနှစ်နှစ်ခန့်  ရှိပြီ။ အစတွင် တော်တော်ကို ရုန်းကန်ရသည်။ မြန်မာပြည်တွင် ကျပ်တည်းစွာ နေခဲ့ရပြီး သူမိသားစု အထူးသဖြင့် သူကလေးနှစ်ယောက် အနာဂတ် အတွက် မိသားစုကို စွန့် ခွာပြီး နိုင်ငံခြားသို့  သူထွက်လာရသည်။ ရောက်ကာစ အခက်အခဲ ဒုက္ခမျိုးစုံ ခါးဆီးခံရင်းနဲ့  မိသားစုအနာဂတ်အတွက် ဖြတ်သန်းခဲ့ရသည်။

ပိုက်ဆံကုန်မည့်အလုပ် ဘာတစ်ခုမှ မလုပ်ဘဲနှင့် ခြိုးခြံကျစ်လစ်စွာ နေထိုင်ခဲ့ရသည်။ တဖြည်းဖြည်း စုဆောင်းမိ၍ လမ်းစရိတ် ကျေသည်၊ နောက် မြန်မာပြည်တွင် ကိုယ်ပိုင်အိမ်ကလေးနှင့် သူ မိသားစု တင့်တောင်းတင့်တည် ဖြစ်လာခဲ့သည်။ တဖြည်းဖြည်း နှစ်တွေ ကြာလာသောအခါ တက္ကစီလေးတစ်စီးဝယ်ပြီး ခိုင်းစားနိုင်လေသည်။

သူအကြောင်းသိသူအားလုံး ပီတိဖြစ်မိသည်။ နိုင်ငံခြားတွင် ကြိုးစားရုန်းကန်ရင်း တိုးတက်လာသော သူဘဝကို အားကျကြသည်။ လွန်ခဲ့သော လေးလလောက်ကစ၍ ကိုယ်ပိုင်အလုပ် ပြောင်းလုပ်သည်။ အလုပ်ကတော့ သူတို့အခေါ် စတောလ်၊ ညနေပိုင်း စားသောက်ဆိုင်းရှေ့ တွင် လက်တွန်းလှည်းလေးဖြင့် အသားကင် ရောင်းချသော အလုပ်။

ဒီလုပ်ငန်းက တော်တော် အလုပ်ဖြစ်လာသည်။ အစတွင် တစ်ဦးတည်း တစ်နိုင်လုပ်သည်။ သူ၏ စေတနာထားမှု၊ ဆက်ဆံရေးပြေပြစ်မှုကြောင့် ဖောက်သည်များလာသည်။ လူပိုတစ်ယောက် ခေါ်ခိုင်းရန်လည်း ပိုက်ဆံပေးရမှာစိုးသောကြောင့် ပင်ပန်းခံကာ လုပ်သည်။

xxxxxxxxxxxx xxxxxxxxxxxxxxxxxx xxxxxxxxxxxxxxxxx xxxxxxxxxxxxxxxx

အန်တီဝင်း



အသက် ၄၅ ဝန်ကျင်ခန့် ရှိသည်။ မလေး၊ ထိုင်း နှင့် မြန်မာပြည်နယ်စပ်ကို စုန်ဆန်ချည် သွားလာနေပြီး လူပွဲစားလုပ်နေသူ။ သူများပွဲစားတွေလို ကလိန်မကျ၊ မှန်မှန်ကန်ကန်နှင့် သူလည်းစား၊ တစ်ဖက်သားလည်း အဆင်ပြေလျှင် ပီတိဖြစ်နေတက်သူ.........။

ဒီတစ်ခေါက် အလုပ်လုပ်ရသည်မှာ သိပ်အဆင်မပြေ၊ ကော့သောင်းတွင် တစ်လခွဲခန့်  ကြာသွားသည်။ ခေါ်လာသော လူကိုးယောက်၏ စားစရိတ် တော်တော်ထောင်းသွားသည်။ ဒီရောက်တော့လည်း အလုပ်ကရှား၊ တော်တော်နှင့် ရှာမရ။

ဒါပေမယ့် သူဂရုမစိုက်၊ ဂရုစိုက်ရမှာက တစ်ရပ်ကွက်တည်းနေ သီတာဆိုသော ကောင်မလေး၊ မိဘတွေနှင့် ရင်းနှီးသည့်အပြင် အာမခံနှင့် ခေါ်လာသောကြောင့် တာဝန်ပိုကြီးသည်။ ကောင်မလေး မိသားစု အကျပ်အတည်းကို သိ၍လည်း ဒီကောင်မလေးကို အလုပ်အမြန် ရစေချင်သည်။

ရောက်ပြီး နှစ်ရက်အကြာ သီတာပြောလာသော စကားကြောင့် အန်တီဝင်း ခေါင်းကိုက်ရသည်။ ဘယ်လိုမှ တားမရမှန်းလည်း သိသည်။ သူမကိုယ်၌က အလုပ်မရှာပေးနိုင်။ သူမ မိုးကြီးနှင့် လက်တပ်တော့မည့် အကြောင်းဖြစ်သည်။ မိုးကြီး၏ ဆိုင်တွင် သူမ ကူလုပ်ပေးရမည် ဖြစ်ပြီး အတူနေရန်ဖြစ်သည်။ ထိုအတွက် မိုးကြီးမှ တစ်လလျှင် သုံးသိန်း အိမ်ကိုပို့ ပေးမည်ဟု ဆိုသည်။

ဒီလိုနဲ့ ပဲ သီတာတစ်ယောက် အဝတ်အစားထုပ်ကို ပိုက်ကာ မိုးကြီးခေါ်ဆောင်ရာနောက်သို့  လိုက်သွားတော့လေသည်။ အန်တီဝင်းတစ်ယောက်မှာတော့ မြန်မာပြည်ပြန်လျှင် သီတာမိဘတွေနှင့် ဘယ်လို မျက်နှာချင်းဆိုင်ရမလဲလို့ သာ တွေးကျန်ရစ်ခဲ့ပါတော့တယ်။

(အထက်ပါအဖြစ်အပျက်များမှာ လွန်ခဲ့သော ၂၀၀၇ ခုနှစ်တွင် ကျွန်တော် မလေးရှားသို့  အလည်သွားခိုက် ကေအယ်လ်၊ ပူချွန်းဒေသတွင် ဖြစ်ပျက်ခဲ့ပြီး နာမည်များကို လွှဲပြောင်းရေးဖွဲ့  ထားသော ဇာတ်လမ်းလေးဖြစ်ပါသည်။)

ထိုအဖြစ်အပျက်ကြောင့် ရှေးလူကြီးများပြောလေ့ရှိသော စကားတစ်ခွန်းကို ပြန်ပြောင်းအောက်မေ့မိပါသည်။



"ပိုက်ဆံမရှိတဲ့ ဒဏ်ကို မိန်းမတွေ မခံနိုင်ဘူး
ပိုက်ဆံရှိတဲ့ဒဏ်ကို ယောက်ျားတွေ မခံနိုင်ဘူး"

16 comments:

မေဇင် said...

"ပိုက်ဆံမရှိတဲ့ ဒဏ်ကို မိန်းမတွေ မခံနိုင်ဘူး
ပိုက်ဆံရှိတဲ့ဒဏ်ကို ယောက်ျားတွေ မခံနိုင်ဘူး"

သိပ်မှန်တာပေါ့...အဲ့ဒါကြောင့် ...ယောင်္ကျားတွေရဲ့ လစာဝင်တဲ့ Bank card ကိုမိန်းမတွေ ကိုင်ပြီး လိုသလောက်သာ ပြန်ပေးသုံးသင့်တယ်...။ အဲ့ကျရင် အပေါ်က စာကြောင်းလေးနဲ့ ကိုက်ညီမှု နည်းသွားမယ်..။

ရွက်လွင့်ခြင်း said...

မေဇင်
လိပ်ကလေးရေ....း)

သားကြီး said...

ဟုတ်ပါ့ဘရားသားရေ
ဒီလိုအဖြစ်တွေဒီမှာအများကြီးဗျ
တချို့လည်း ရုပ်ရည်လေးသနားကမားလေးတွေ
ဘာပုံမှမပေါက်တဲ့ဘဲကြီးတွေနဲ့ညားသွားရတယ်
ဘဝအရေးက နှလုံးသားအရေးထက် အရေးကြီးနေပုံရပါတယ်
ကိုယ့်တိုင်းပြည်ကြီးကလည်း နေရောင် လရောင်တောက်နေတာပဲကိုး
ဒီခေတ်မှာ ဒီတိုင်းပြည်မှာ လူလာဖြစ်ရတာ မတန်သလိုပဲဗျာ
တွေးမိတိုင်းရင်နာရပါ၏ :(

Angel Shaper said...

အကိုရေ... ရွက်လွင့်လာတာ။ ကျားနဲ့ မ ဖတ်ပြီး ဘာပြောရမှန်းမသိဘူး။ စိတ်မကောင်းဖြစ်သွားတယ်။ သေချာပြန်ဖတ်ကြည့်ဦးမယ်နော်။ ပျော်ရွှင်ပါစေ.

ကြည်ဖြူပိုင် said...

ဘာပြောရမှန်းကို မသိတော့ဘူး။ အကိုရေ....ဟဲဟဲ.....၂ယောက်လုံးကိုပြောထားတာဆိုတော့လဲ။ အနော်ဘာမှပြောတော့ဘူးနော်။ တကယ့်အဖြစ်အပျက်လေးကို ဇာတ်လမ်းဆင်ထားတဲ့အကို့ ပို့စ်လေးကို ကြိုက်ပါတယ်

jr.လွင်ဦး said...

ပိုက်ဆံမရှိတဲ့ဒဏ်ကို မိန်းမတွေမခံနိုင်တာက မိသားစု၊ မောင်နှမ စတဲ့ အမျိုးမျိုးသော ငဲ့ကွက်စရာတွေကြောင့်များပါတယ်။
ပိုက်ဆံရှိတဲ့ဒဏ်ကို ယောကျာ်းတွေမခံနိုင်တာက....
အင်း..ပြောတော့ပါဘူးဗျာ။

မေဓာဝီ said...

ဖတ်ရတာ စိတ်မကောင်းစရာပဲ။
ဒဏ်မခံနိုင်တာ အားလုံးတော့ ဟုတ်မယ်မထင်ပါဘူး ... ။
အင်း ... ပြောတတ်ပါဘူးလေ ... ။

pm said...

နှစ်ယောက်စလုံးရဲ့ဒဏ်ကို အန်တီဝင်း မခံနိုင်ဘူး
O.o

မျက်မှန်လေး said...

ဟုတ်တယ် အစ်ကိုရေ...အဲဒီလိုလူမျိုးတွေအများကြီးဘဲ
ဒိမှာကတော့တစ်မျိုးဗျ
ပီအာလ်လိုချင်လို့ အိမ်ထောင်ရှိရှိမရှိရှိ လက်ထပ်လိုက်ကြတာမျိုး
ကြောက်စရာကြီးပါဗျာ

ရွက်လွင့်ခြင်း said...

ဟုက်ပါတယ်ဗျာ
အားလုံးကို မတိုလိုပါဘူး ဒါပေမယ့် အများစုက ဖြစ်ပျက်နေတော့ ခြုံငုံပြီး ရေးလိုက်တာပါ

ခြေလှမ်းသစ် said...

ဒီလိုပါပဲ မြန်မာမိန်းကလေးတွေရဲ့  ဘ၀ဟာ နိုင်ငံတကာ မှာ ထွက်ပေါက်တွေ ပိတ်ပိတ်ကုန်တာလေ.. အရှေ့တောင် အာရှနိုင်ငံတွေမှာက ပိုဆိုးတာပေါ့နော်..

littlebrook said...

Jr. လွင်ဦးပြောတာ ခုဒီပို့စ်ထဲကလိုဆို မှန်တယ်ဗျ
သူ့မိသားစုအတွက်လုပ်တာကိုး အဲ မကောင်းတာတော့ မကောင်းဘူးပေါ့ဗျာ သေချာတာက ဗမာအချင်းချင်းလည်း ညှာတာမှုမရှိ ကူညီဖေးမတာမျိုးလည်းမရှိ နှိပ်တာတွေကတော့ ဆိုးတယ်ဗျာ .. အဲ့ဒါကလည်း နိုင်ငံရပ်ခြားမှမဟုတ်ပါဘူး ဒီမှာလည်း အတူတူပါပဲ

ဇော် said...

ကျနော်ကတော့ pm ပြောသွားတာလေး ကြိုက်တယ်။ သဘောကျလို့ ပြုံးလိုက်မိသေး။ ဒီလူ အတော်ပေါက်ကရပြောတာပဲလို့ ပါးစပ်က ထုတ်ညည်းလိုက်မိတယ်။ =)

ကိုလူထွေး said...

ဒါမျိုးများများရေး...
ဘဝအတွေ့အကြုံတွေဆိုတာ ယူတတ်ရင် သင်ခန်းစာတွေ တသီကြီးရတာမျိုး...

(ဆရာဝင်လုပ်သွားသည်)

မေလေး said...

အကိုရေ

"ပိုက်ဆံမရှိတဲ့ ဒဏ်ကို မိန်းမတွေ မခံနိုင်ဘူး
ပိုက်ဆံရှိတဲ့ဒဏ်ကို ယောက်ျားတွေ မခံနိုင်ဘူး"

အဲဒီစကားပုံကို အပြင်းအထန် ကန့်ကွက်ပါတယ် ။

ပိုက်ဆံမရှိတဲ့ ဒဏ်မခံနိုင်တဲ့ ထဲ ယောင်္ကျားတွေလဲပါပါတယ်။
ယောင်္ကျား မိန်းမ ကောင်းတဲ့သူရှိသလို
မကောင်းတဲ့သူတွေလဲ ရှိပါတယ်။
(စွာသွားပါတယ်။)

ရွက်လွင့်ခြင်း said...

ဟုက်ပါတယ်ဗျာ
အကုန်လုံးကို မဆိုလိုပါဘူး
များသောအားဖြင့် ဖြစ်ပျက်နေကြလို့ ပါ၊
နောင်မဖြစ်နိုင်တော့အောင် ဖြန့် ဝေခြင်း သက်သက်ပါ